ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့သို့ထွက်ခွာ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၇-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့သို့ ထွက်ခွာရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်သည်။

ယခု ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအဆင့်ကိုယ်စားလှယ်များ၊ မဲခေါင်မြစ်ဝှမ်းကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ခံများ၊ တရုတ်၊ ကိုရီးယား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ စင်ကာပူနှင့် အမေရိကန် နိုင်ငံများမှ ရေစီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များ စုစုပေါင်း ၂၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး မဲခေါင်ဒေသနှင့် အာဆီယံဒေသတွင်း ရေဖူလုံရေး၊ ပတ်ဝန်းကျင်သက်ရောက်မှုများအပေါ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များတွင် ထိရောက်သော မူဝါဒများဖော်ထုတ်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။