အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတို့ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ၁၇-၉-၂၀၂၄ ရက် (အင်္ဂါနေ့)၊ နံနက် ၉:၃၀ နာရီအချိန်မှ ၁၁:၃၀ နာရီ အချိန်အထိ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းမှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကျောင်းသားလူငယ်များ အနေ ဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံ စဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ် တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်နှင့် ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီ နည်းပညာအသစ် များကို ကောင်းမွန်စွာ အသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမို ထိရောက်စွာ တိုက်ဖျက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ် တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ် များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုစကားဝိုင်းမှရရှိမည့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်စံနှုန်းများနှင့်စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများတွင် ပါဝင်ရန်နှင့် အဂတိလိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းမှကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။