သစ်တောဦးစီးဌာန၊ AFoCo RETC သင်တန်းကျောင်းတွင် (၈)ကြိမ်မြောက် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ (Eco School Program for Students) အစီအစဉ်ကျင်းပ

၁၈.၉.၂၀၂၄ ရက်၊ နံနက်(၉)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာန၊ အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)(Asian Forest Cooperation Organization - Regional Education and Training Centre) AFoCO Hall၊ မှော်ဘီမြို့၌ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး ဟောပြောပွဲသို့ သင်တန်းကျောင်းအုပ်ကြီး၊ သင်တန်းကျောင်းမှတာဝန်ရှိသူများ၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၄)မှ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြသည်။

သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲ (Eco-School Program For Students) အနေဖြင့် (၈)ကြိမ်မြောက် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ သင်တန်းကျောင်း ဖွင့်လှစ်သည့် ရည်ရွယ်ချက်များ၊ အာရှဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု့မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာရှဒေသ၏သစ်တောထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ၊ သစ်တောစိုက်ပျိုးပြုစု ထိန်းသိမ်းရေးလုပ်ငန်းများ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေမှုဆိုင်ရာ အသိအမြင်များအား မျိုးဆက်သစ်ကျောင်းသားလူငယ်များအကြား ကျယ်ပြန့်စွာ သိရှိလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ချစ်မြတ်နိုးတက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

အသိပညာပေးဟောပြောပွဲတွင် သင်တန်းကျောင်းဆိုင်ရာ ဗွီဒီယိုပြသခြင်း၊ ပညာပေးဟောပြောဆွေးနွေးခြင်း၊ ကျောင်းသား/ကျောင်းသူများက သင်တန်းကျောင်းအတွင်း လေ့လာခြင်း၊ အမှတ်တရစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ ပျိုးဥယျာဉ်လေ့လာရေးခရီးသွားရောက်ခြင်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများဆောင်ရွက်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။