နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီ၊အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၄-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီဝင် အတွင်းရေးမှူးများက  Virtual  စနစ်ဖြင့်  တက်ရောက်ကြသည်။

အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီအစည်းအဝေးများ၏ လုပ်ငန်းတိုးတက်မှုများ၊ ပဉ္စမအကြိမ်လုပ်ငန်းကော်မတီ၊ ဆဌမအကြိမ်ဗဟိုကော်မတီ အစည်းအဝေးများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုတို့အပေါ် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးတို့က တင်ပြဆွေးနွေးရန်  ဦးစွာပြောကြားသည်။

ဆက်လက်၍ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးဖမ်းရေယာဉ်များ(AIS) စနစ်တပ်ဆင်ခြင်း၊ငါးသလောက်မျိုးနှင့် ရှားပါးရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းရေးဆောင်ရွက်မှုနှင့် ပြည်သူလူထုအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့် မြို့ပြ လုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်း(SOP) အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် အရွေ့ တစ်ခုရရှိအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ပင်လယ်ကမ်းရိုးတန်း ဘက်စုံစီမံအုပ်ချုပ်ခြင်း (ICM) အစီအစဉ်အား (IUCN)နှင့် ပူးပေါင်းရေးဆွဲထားသည့် စာအုပ်များကို ဗဟိုကော်မတီဝင်၊လုပ်ငန်းကော်မတီဝင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများအား ဖြန့်ဝေပြီးဖြစ်ကြောင်း (ICM) အစီအစဉ်အား ရှင်းလင်းပွဲများ Talk Show များ ပြုလုပ်၍ ပြည်သူလူထုသိရှိအောင် မီဒီယာများ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် လေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီဝင်အတွင်းရေးမှူးများ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကောင်းမွန်သောရလဒ်ရရှိရန် ဗဟိုအဆင့်အနေဖြင့် ထိရောက်ပေါင်းစပ်မှုများဖြင့် ကူညီနိုင်ပါကြောင်း  ပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး(၁)၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်က ယခင်ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်းဆောင်ရွက်တိုးတက်မှုများအပေါ်  တင်ပြပြီး   အစည်းအဝေး တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။