မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပ

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဋ္ဌမအကြိမ်အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၅-၉-၂၀၂၄ ရက်နေ့၊ ၁၃:၀၀ နာရီတွင် ကျင်းပရာ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယနေ့အစည်းအဝေးသည် မြေအသုံးချမှု ဆိုင်ရာနည်းပညာအကြံပေးအဖွဲ့အစည်းအဝေး၏ အဋ္ဌမအကြိမ်အစည်းအဝေးဖြစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ်အစည်းအဝေးကို (၇-၈-၂၀၂၄)ရက်မှာ ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၉) ချက်ချခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက်များအနက် အမျိုးသားမြေဥပဒေရေးဆွဲရေး နှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီက အမျိုးသားမြေဥပဒေ မူကြမ်းအား  မိမိတို့အဖွဲ့ထံ ဖြန့်ဝေလာပါက  သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်သဟဇာတဖြစ်ခြင်း  ရှိ/မရှိ လေ့လာသုံးသပ်၍ အမျိုးသားမြေအသုံးချမှုကောင်စီတွင် ဆွေးနွေးရန် ပြန်လည်တင်ပြရ မည်ဖြစ်ကြောင်း၊ မကြာမီကာလတွင်  အမျိုးသားမြေဥပဒေမူကြမ်း  (ပဏမမူကြမ်း)လည်း   ထွက်ပေါ် လာတော့မည်ဖြစ်ကြောင်း၊

မိမိတို့အဖွဲ့အနေဖြင့် လေ့လာသုံးသပ်ရာတွင် ခေတ်ကာလ မြေပြင်အခြေအနေများကို အခြေခံ၍ ဥပဒေချင်း ဝိရောဒိမဖြစ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားမြေအသုံးချမှု မူဝါဒပါ လမ်းညွှန်ချက်များနှင့်အညီဖြစ်ရေးအ‌လေးထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမျိုးသား မြေအသုံးချမှုကောင်စီတွင် မိမိတို့အဖွဲ့အပါအဝင် အထောက်အကူပြုလုပ်ငန်းကော်မတီများ ရှိကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အဆိုပါကော်မတီများကိုလည်း အကြံဉာဏ်များ နည်းပညာများ ပံ့ပိုးရမည်ဖြစ်ကြောင်း၊ နည်းပညာအကြံပေးအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများတိုးတက်ရေး  TOR များ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ပွင့်ပွင့် လင်းလင်းဆွေးနွေးရန် ပြောကြားသည်။

ဆက်လက်၍ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အတွင်းရေးမှူးက နည်းပညာ အကြံပေးအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်မှု၊ အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ ရှင်းလင်းတင်ပြခြင်းနှင့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုယ်စားလှယ်က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။