သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၇-၁၁-၂၀၂၄ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကြိုးဝိုင်း၊ အကွက်အမှတ် ၄ ရှိ ဒဟက်သစ်စေ့ထုတ်ဧရိယာ ၁၀ ဧက သို့သွားရောက်၍ သစ်စေ့ထုတ်ဧရိယာအတွင်းမှ အပူပိုင်းဒေသမျိုးရင်း ဒဟက်သစ်မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နှစ်အလိုက် သစ်စေ့စုဆောင်းမှု၊ သိုလှောင်ထိန်းသိမ်းမှုနှင့် ဖြန့်ဖြူးပျိုးထောင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသရှိ ၁၃ ခရိုင်အတွင်း အပူပိုင်းဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဒေသမျိုးရင်း သစ်မျိုးများဖြင့် စိုက်ပျိုးရေးသည် အထူးအရေးကြီးကြောင်း၊ ဒေသမျိုးရင်းသစ်စေ့ မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် သစ်စေ့ထုတ် ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် လိုအပ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကြိုးဝိုင်းအကွက် ၄ ရှိ ၁/၂၀၂၄ ကျေးရွာသုံးထင်းစိုက်ခင်း ၃၀ ဧကနှင့် ၂/၂၀၂၄ အခြားစိုက်ခင်း ၂၅ ဧက အတွင်း တမာ၊ ဒဟက်၊ မဲဇလီ၊ ကုက္ကို သစ်မျိုးများဖြင့် စိုက်ပျိုးထားမှုနှင့် ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသော အပင်များ ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ မယ်ညိုတောင် ကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် အပူပိုင်းဒေသ သစ်မျိုးများဖြင့် တည်ထောင်စိုက်ပျိုးထားသော ၂၀၂၃ ခုနှစ် အမြန်လမ်းမကြီးဝဲယာ တစ်အုပ်တစ်မစိုက်ခင်း ၉ ဧက အားလည်းကောင်း၊ ၂၀၁၈ ခုနှစ် ကျေးရွာသုံး ထင်းစိုက်ခင်း ၁၀၀ ဧကနှင့် အမြန်လမ်းမကြီးဝဲယာ တစ်အုပ်တစ်မစိုက်ခင်း ၅၀ ဧက တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင် ၁၃၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှု၊ ဆေးဘက်ဝင်ဂမုန်းမျိုးစိတ် ၂၀ မျိုးနှင့် မြန်မာ့ရှားပါးသစ်ခွမျိုးစိတ် ၆၀ မျိုးတို့၏ မျိုးရိုးဗီဇထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်း စိမ်းလန်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကန်တော်ကြီးကမ်းစပ်တစ်လျှောက် အပမ်းဖြေလျှောက်လမ်းနှင့် ဘာကီလမ်း နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာမြောင်းများဆောင်ရွက်ထားရှိမှု၊ တံတားကြမ်းခင်းများ အစားထိုး ပြင်ဆင်ဆောင်ရွက်နေမှု၊ အလင်းဖွင့်ပေးရန်လိုအပ်သောနေရာများတွင် အလင်းဖွင့်ဆောင်ရွက် နေမှုနှင့် အစားထိုးသစ်ပင်များ ပြန်လည်စိုက်ထားမှု၊ ဧည်သည်နားနေဆောင်များ ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လှည်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၁ အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ၁၀ ဧက တွင် စိုက်ပျိုးခဲ့သည့် စိန်ပန်းပြာနှင့်ချယ်ရီ ပင်များ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ၂၀၂၄ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ၃ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ ရှိ ၂၀၂၁ မိုးရာသီ ချယ်ရီတစ်အုပ်တစ်မစိုက်ခင်း၏ ရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။