မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ၈-၁၁-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊ သင်တန်းသားများနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၆ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တောအမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့ အထိ ၆၆၁၄ ဦးရှိပြီဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၂.၁၉ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် သစ်တောပြုန်းတီးမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၀.၉၈ ရာခိုင်ရှိရာ နှစ်စဉ်သစ်တောပြုန်းတီးမှုမှာ သိသိသာသာလျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကိုလည်း တိုးချဲ့ဖွဲ့စည်းလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းဖြင့် သဘာဝတောများ ထိန်းသိမ်း ကာကွယ်ခြင်းနှင့် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် သစ်ပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် ခရိုင် ၁၃ ခုတွင် လမ်းဘေးဝဲယာစိုက်ခင်းနှင့် တစ်ရွာ ၂ ဧက စိုက်ခင်းများ တည်ထောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှု ကာကွယ်တားဆီးရေးအတွက် ရေဝေရေလဲဒေသများနှင့် ဒီရေတောများထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ တရားမဝင်သစ် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊
ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချသွားကြရန်နှင့် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်း၏ ဘက်စုံထူးချွန်ကျောင်းသားဆု၊ စာပေထူးချွန်ကျောင်းသားဆု၊ လက်တွေ့ထူးချွန်ကျောင်းသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအားလည်းကောင်း၊ တာဝန်ရှိသူများက အဆင့်အလိုက်ထူးချွန်ဆုရသူများနှင့် ဘာသာရပ်ထူးချွန်ဆုရသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းဆင်းကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အင်းယားသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင် ၅၈,၀၀၀ ကျော် ပျိုးထောင်ထားမှု အခြေအနေအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။