နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ၂၉-၁၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံကမ်းရိုးတန်းသည် ၂၈၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ်တစ်ခုလုံး၏ ၅ ပုံ ၁ ပုံကို ပိုင်ဆိုင်ထားကြောင်း၊ အဏ္ဏဝါဂေဟစနစ်များစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ ပေးနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိကြောင်း၊ အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ရေရှည်တည်တံ့အောင် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတအခြေပြု အပြာရောင်စီးပွားရေး - Blue Economy  ဖွံဖြိုးတိုးတက်စေရေးအတွက် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါဂေဟစနစ်များ ထိန်းသိမ်းခြင်းနှင့် စနစ်တကျထုတ်ယူ အသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း၊

ပင်လယ်ကမ်းရိုးတန်းဒေသများ ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာ‌ပေးရေး၊ ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများအား ထိန်းသိမ်းရန်အတွက် အရေးကြီးသော Hot Spot နေရာများသတ်မှတ်ရေး၊  စွန့်ပစ်အမှိုက်များ ပင်လယ်တွင်းရောက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှု မရှိစေရေး လုပ်ငန်းစဉ်အဆင့်အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက် ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတကို မထိခိုက်သော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် သုတေသနစင်တာများ ထူထောင်ရေး၊ Marine Ecotourism ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ တင်ပြဆွေး‌နွေးသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  တက်ရောက်လာသူများက ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ရေရှည်ထိန်းသိမ်း‌ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ငါးဖမ်းလုပ်ငန်းများ စစ်ဆေးကြီးကြပ်မှု မြှင့်တင်ရေး၊ အဏ္ဏဝါဂေဟစနစ်အခြေပြု သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပင်လယ်ပြင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးခဲ့ကြသည်။