ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဦးစီးဌာနနှင့်လုပ်ငန်းရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၅-၁၂-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာန၊ ဧည့်ရိပ်သာတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြင်ဦးလွင်မြို့အား ပန်းမြို့တော်ဖြစ်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရေး၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် စိမ်းလန်းသာယာလှပရေး၊ သစ်တောမြေများအား စနစ်တကျစီမံအုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ ပြင်ဦးလွင်သစ်ထုတ်ရေးဒေသရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တွေ့ဆုံ၍ အမျိုးသားကန်တော်ကြီးဉယျာဉ် သာယာလှပရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် ရာပြည့်အထိမ်းအမှတ်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများနှင့်တွေ့ဆုံကာ သင်တန်းမှပို့ချသော စာတွေ့/လက်တွေ့ သင်ခန်းစာများအား ကြိုးစားလေ့လာသင်ကြား၍ မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်အသုံးချနိုင်အောင် ဆောင်ရွက်သွားရန်မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန ခရိုင်ရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ရရှိရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရေး၊ သဘာဝတောများထိန်းသိမ်းကာကွယ်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ စောင့်ရှောက်ရေး၊ တရားမဝင်သစ် တားဆီး ကာကွယ်ရေး၊ လူထုသို့ အသိပညာပေးရေးကိစ္စရပ်များနှင့်ပတ်သက်၍ မှာကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ ခရိုင်ရုံးအတွင်း သီးနှံသစ်တောရောနှောစိုက်ပျိုးထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားခဲ့သည်။