သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၈-၁၂-၂၀၂၄ ရက်နေ့၊ နံက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ မြန်မာနိုင်ငံသစ်တောကျောင်း အမှတ်စဉ် ၁၁၈ မှ သင်တန်းသားများအား သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးက သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊ ရေဝေရေလဲနှင့်ဒီရေတောများ ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂.၁၅ ရာခိုင်နှုန်း ရှိမည်ဟုခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တော ပြုန်းတီးမှုမှာ နိုင်ငံဧရိယာ၏ ၀.၀၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်အတွက် သဘာဝတောများကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအား တိုးချဲ့ဖွဲ့စည်းလျက်ရှိရာ ယနေ့အချိန် အထိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၉၀ ခု၊ နိုင်ငံဧရိယာ၏ ၂၅.၉၀ ရာခိုင်နှုန်းနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၆၁ ခု၊ နိုင်ငံဧရိယာ၏ ၆.၄၃ ရာခိုင်နှုန်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည် ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် အပင်ပေါင်း ၂ သန်းကျော် စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုတိုက်စားမှု ထိန်းချုပ်ရေးနှင့် ရေသယံဇာတအရင်းအမြစ်များ ပံ့ပိုးပေးနိုင်ရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တရားမဝင်သစ် တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် ကျောင်းမှစာတွေ့သင်ခန်းစာများ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းခွင် အတွေ့အကြုံများပေါင်းစပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မိမိဌာန၏ အားကိုးထိုက်သော အရည်အသွေး ပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊ အကွက် ၁၇ ရှိ ၁/၂၀၂၄ စီးပွားရေးကျွန်းစိုက်ခင်း ၁၅၀ ဧကနှင့် ၁/၂၀၂၃ စီးပွားရေးကျွန်းစိုက်ခင်း ၁၀၀ ဧက၏ ရှင်သန်အောင်မြင်မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရှင်သန်အောင်မြင်သောအပင်များအား ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံသစ်တောကျောင်း သင်တန်းသားများ၏ လက်တွေ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ခင်းမီးတားလမ်း ဖောက်လုပ်ခြင်း၊ နယ်ိမိတ်သတ်မှတ်ဆောင်ရွက်ရေးအတွက် GPS ကိုင်ဆောင် အသုံးပြုခြင်း၊ စိုက်ခင်းတည်ထောင်ရာတွင် မြေနေရာရွေးချယ်ရေးအတွက် မြေဆီလွှာစမ်းသပ်ခြင်းနှင့် နမူနာကောက်ယူခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းနှင့် မြေတိုင်းတာခြင်း လက်တွေ့ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သစ်တောသုတေသနဌာန၊ ခန္ဓာပိုင်းမျိုးပွားဥယျာဉ်၊ ရေငွေ့ထိန်းခန်းအတွင်း အဖိုးတန်သစ်မျိုးများ၏ မျိုးရိုးဗီဇများ စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက် ထားရန်နှင့် မျိုးရိုးဗီဇတူညီသော မျိုးကောင်းမျိုးသန့်ပင်များ ထုတ်လုပ်ပေးရန်အတွက် ခန္ဓာပိုင်း မျိုးပွားခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ကြိုးဝိုင်း၊ အကွက် ၇၃ ရှိ ကျွန်းအနက်စင်း မျိုးရိုးဗီဇအား ထိန်းသိမ်းရန်နှင့် သစ်မျိုးသန့်ပြန့်ပွားရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်တည်ထောင်ထားသော ကျွန်းအနက်စင်း မျိုးရိုးဗီဇထိန်းသိမ်းရေးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။