ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသောနယ်မြေကို “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ်အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄၄ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝ စေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ်ကာကွယ် ရန်နှင့် ဒေသခံပြည်သူများအတွက် သား၊  ငါး၊ ကဏန်း၊ ပုစွန်စသော ရေသယံဇာတများစဉ်ဆက် မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများဖွဲ့စည်း သတ်မှတ်ခြင်းဖြစ်ပါသည်။

ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိက သစ်မျိုးများဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဓနိ စသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မည့် အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာစသည့် သစ်မျိုးများဖြင့်စိုက်ပျိုးတည်ထောင်ထားသည့် ဒီရေတောစိုက်ခင်းများကိုပါ ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ်ပိုမိုကောင်းမွန် လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အထူ ပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ်တစ်ခု ဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအားထိန်းညှိပေးနိုင်ခြင်းနှင့် မြေတိုက်စားမှုနှင့် ကမ်းပါးပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။