ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံ မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တော” အဖြစ်အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၅)အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ ဖြစ်သော မြင်းခြံမြို့နှင့်ပတ်ဝန်းကျင်ဒေသအားအပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာသုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန်နှင့် ရေဝေရေလဲဒေသများနှင့် အပူပိုင်းသစ်တောများထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
တောင်ပင်လယ်ဆည်ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများ အတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါး နှင့် အခြားအပူပိုင်းဒေသထွက် သစ်တောထွက် ပစ္စည်းများ ပိုမိုရရှိနိုင်ခြင်း၊ အရိပ်နှင့်နားခိုရာနေရာများ တိုးပွါးလာစေခြင်း၊ ခါ၊ ချိုး၊ ဖွတ်၊ ပဒက်၊ တောကြောင်၊ ငုံး၊ ယုန် စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေထိန်းသိမ်းနိုင်ခြင်း နှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။