
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း ၁,၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက် သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီး ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာသုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ ပေးနိုင်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော များအဖြစ် ဖွဲ့စည်း သတ်မှတ် ခြင်း ဖြစ်ပါသည်။
တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်းပေါက်ရောက် လျက်ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ဖျောက်ဆိတ်၊ ယင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ် စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါး နှင့် အခြားအပူပိုင်းဒေသထွက်သစ်တောထွက်ပစ္စည်းများပိုမို ရရှိနိုင်ခြင်း၊ တုရင်တောင်ဘုရားဖူးမျှော်ကြည်ညိုရန် လာရောက်သူများအတွက် အရိပ် နှင့်နားခိုရာ နေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ တောကြောင်၊ ယုန် စသည့်တိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက် ရေးအတွက် အထောက်အကူပြုခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီးရာသီဥတု ပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ပါသည်။