သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၄-၁-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး များသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လဟယ်၊ နန်းယွန်း၊ လေရှီးမြို့နယ် (၃)မြို့နယ်ပါဝင်ပြီး၊ သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၅၆.၀၁ ရာခိုင်နှုန်းရှိကြောင်း၊ သဘာဝသစ်တောများထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှုကာကွယ်ရေးနှင့် ရွှေ့ပြောင်းတောင်ယာများ လျော့နည်းပပျောက်စေရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွင့်လင်းရာသီ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ ဖြစ်ပွားမှု ပပျောက်စေရေးအတွက် ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်လေထုအရည်အသွေးနှင့် ရေအရည်အသွေးများအား ပုံမှန်တိုင်းတာထုတ်ပြန်ပေးသွားရန်လိုကြောင်း၊ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူ သယ်ဆောင်မှုမရှိအောင် တားဆီးသွားရန်နှင့် သစ်တောများ၏ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသတွင် ဝန်ထမ်းကောင်းပီသစွာဖြင့် တိုင်းပြည်အကျိုးကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်းမှာကြားသည်။ ထို့နောက်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။