၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ

 မိုးယွန်းကြီးအင်း ရမ်ဆာရေဝပ်ဒေသပညာပေးပြခန်း မွမ်းမံပြီးစီးမှု ဖွင့်လှစ်ခြင်း  အခမ်းအနားနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်း အမှတ် အခမ်းအနားကို ၂-၂-၂၀၂၅ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ပဲခူးတက္ကသိုလ် မှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဌာနများမှ အရာရှိကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ သုတေသန စာတမ်းရှင်များနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ ‌ဒေသခံများ၊ ရွှေပြည်အေး ကုမ္ပဏီမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမင်းသူနှင့် တာဝန်ရှိသူ များက မိုးယွန်းကြီးအင်းပညာပေးပြခန်း မွမ်းမံပြီးစီးမှုအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ မိုးယွန်း ကြီးအင်း ပညာပေးပြခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းခြင်း၊ ပညာပေး ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုခဲ့ကြသည်။

 ဆက်လက်၍ “၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနား” ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကျင်းပခဲ့ရာ (၁၃) နှစ်တိုင် ရောက်ရှိပြီဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့်ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနား သည် ရေဝပ်ဒေသများ၏ အရေးပါမှု၊ ရေဝပ်ဒေသများမှ ဇီဝမျိုးစုံမျိုးကွဲများကို ထောက်ပံ့ ပေးနိုင်မှု၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝကို ပံ့ပိုးပေးနိုင်မှုစသည့် ရေဝပ်ဒေသများ၏ အရေးကြီးသည့်အခန်းကဏ္ဍကို ပိုမိုသိရှိကာ ထိန်းသိမ်းကာကွယ်နိုင်စေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းအပြင် ပြည်သူလူထုအသိပညာပေး အစီအစဉ်များ၊ လူထုအခြေပြုထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် လူထုပူးပေါင်းပါဝင်မှု တိုးတက်မြင့်မားလာကာ ရေဝပ်ဒေသဂေဟစနစ်များ သဘာဝအတိုင်း ကောင်းမွန်စွာ ရေရှည် တည်တံ့ နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းသူက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Protecting Wetlands for Our Common Future: အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဆောင်ပုဒ်သည် လူသားအားလုံး၏ လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို ထိရောက်စွာကာကွယ်ရေးအတွက် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်နဲ့ အညီ ကောင်းမွန်သောအနာဂတ်များ ပိုင်ဆိုင်နိုင်ရန်အတွက် ရေဝပ်ဒေသများ ထိန်းသိမ်း ကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ်သက်သည့်ဌာနများ၊ အဖွဲ့ အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ အားလုံး ပူးပေါင်းပါဝင် ပေးကြပါရန်  အလေးထား တိုက်တွန်းနှိုးဆော်ပါကြောင်းနှင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ဂုဏ်ပြုပါကြောင်း ပြောကြား သည်။

ထို့နောက် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ ပညာပေးပြခန်း ပြင်ဆင် ခြင်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် မိတ်ဖက်အဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်း လွှာများ ပေးအပ်ခြင်း၊ ဆုရရှိသည့် စာစီစာကုံးများ၊ ပန်းချီများနှင့် ရေဝပ်ဒေသ ထိန်းသိမ်းရေးနှင့် ပညာပေးပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမင်းသူနှင့် သစ်တောဦးစီဌာနမှ တာဝန်ရှိသူများသည် မိုးယွန်းကြီးအင်းအတွင်း စက်လှေ များဖြင့် ဆောင်းခိုငှက်များ ကြည့်ရှုခြင်း၊ ငှက်၊ ငါးနှင့် လိပ်များအား ဘေးမဲ့လွှတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

နေ့လယ်ပိုင်း၌ မိုးယွန်းကြီးအင်း ရေအရည်အသွေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့်  တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြသည်။