ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကွင်းဆင်းကြည့်ရှု

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝတောများထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းများတည်ထောင်ရေး၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်ရိပ်သာတွင်  တပ်နယ်မှတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောကျန်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ သစ်စေ့ဘောလုံး ကျဲချခြင်း၊ သစ်စေ့ဆူးထိုးစိုက်ခြင်း လုပ်ငန်းများကို ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သစ်တောစိုက်ခင်းတည်ထောင်ရန် မြေနေရာရွေးချယ်အတည်ပြုပြီးပါက သစ်တောစိုက်ခင်း ဧက ၁၀၀၀ အား ပျိုးပင်သက်တမ်း ၂ နှစ်အထက် ပျိုးပင်အမြင့် ၂ ပေ အထက် အပင်များဖြင့် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသည့် Fire Hotspots လျော့နည်းစေရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ပပျောက်စေရေးအတွက်လည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်အတွင်း စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများတည်ထောင်ရေးနှင့် လုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးအတွက် ဝန်ကြီးဌာနနှင့် ပြည်နယ်အတွင်းရှိ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးအတွက် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်သွားရန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ တပ်နယ်မှုး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများက သစ်တောစိုက်ခင်းတည်ထောင်ရန် မြေနေရာရွေးချယ်ထားမှုအခြေအနေ၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အဖွဲ့သည် ဗထူးတပ်နယ်ပတ်ဝန်းကျင်ရှိ သစ်တောစိုက်ခင်းတည်ထောင်ရန် ရွေးချယ်ထားသော မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရပ်စောက်မြို့နယ်ရှိ မွေတော်သစ်ဆိပ်သို့ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ ပြည်နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက သစ်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ လပ်ပုံဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက        သစ်ထုတ်လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ရေးအတွက် မှာကြားခဲ့သည်။