ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နှင့်ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကွင်းဆင်းကြည့်ရှု

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပင်းတယမြို့နှင့် ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပင်းတယမြို့နှင့် ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ရာတွင် သစ်တောမြေပြင်ပရှိ မြေနေရာများတွင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံများ ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီးပါကြောင်း၊ ရွေးချယ်ထားသော မြေနေရာများတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များအား ဆက်လက်ထိန်းသိမ်းခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းများအပြင် ကျေးရွာများအနီး မြေနေရာရရှိမှုအပေါ်မူတည်၍ တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရန်အတွက် မြေတူးခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ခင်းများတည်ထောင်ပြီးပါက အပင်များ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်း တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည့် Fire Hotspots တွေ့ရှိမှုသည် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တောမီးလောင်ကျွမ်းမှုနှင့် အခြားမီးလောင်ကျွမ်းမှုများမှ ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံများပူးပေါင်း၍ အောက်ခြေအထိ အသိပညာပေးပြီး ထိထိရောက်ရောက် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ခင်းတည်ထောင်ရန် မြေနေရာ ရရှိမှုအခြေအနေ၊ လုပ်ငန်းစဉ်အလိုက် အချိန်မီပြီးစီးရန် ဆောင်ရွက်မည့် အစီအစဉ်များ၊ သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်း စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းတည်ထောင်ရန်နှင့် ရွေးချယ်ထားသော မြေနေရာများနှင့် ဆက်စပ်ဧရိယာများအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးနိုင်မည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။