ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်နှင့်ကြိမ်အချောထည်စက်ရုံများအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၃-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည်စက်ရုံသို့ သွားရောက်၍ ကျွန်း၊ မန်ဂျန်ရှားနှင့် ရာဘာ သစ်အချောထည် ပရိဘောဂများ  ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းစျေးကွက်ဝယ်လိုအားနှင့် ရောင်းချမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက်  ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အလားတူ အချောထည်ပရိဘောဂပြုလုပ်ရန် သင့်တော်သည့် သစ်မျိုးများအား ဖော်ထုတ်ပြီး ဌာနနှင့်ပုဂ္ဂလိက ပေါင်းစပ်ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် ၁၀ ပရိဘောဂစက်ရုံသို့ ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ကျွန်းအချောထည်နှင့် တစ်ဝက်တစ်ပျက်အချောထည် ထုတ်လုပ်နေမှုအခြေအနေ၊ ပြည်ပတင်ပို့ရောင်းချမှုနှင့် စျေးကွက် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များ ရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊  ထို့အပြင် နည်းပညာ နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် အရေးကြီးကြောင်း မှာကြားပြီး ထုတ်လုပ်ထားသော သစ်အ‌ချောထည်ပရိဘောဂများ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ်ရှိ Great Myanmar ကြိမ်အချော ထည်လုပ်ငန်းသို့ သွားရောက်၍ ကြိမ်ပရိဘောဂထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု အခြေအနေများ၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်း၊ ဝါးကတုတ်ပျိုးဥယျာဉ်ရှိ သီးနှံသစ်တောရောနှောစိုက်ခင်း သရုပ်ပြကွက်အတွင်း ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ၊ ပိတောက်၊ မဟော်ဂနီသစ်မျိုးများနှင့် သရက်၊ ဒန့်သလွန်၊ ပိန္နဲ၊ ကော်ဖီသီးနှံများ ရောနှောစိုက်ပျိုးထားမှုနှင့် ပျားမွေးမြူခြင်း သရုပ်ပြဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။