ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော် မေ ၂၁

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်း လင်းပွဲကို ၂၁-၅-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဝန်ကြီးဌာန၏ အနာဂတ်မျှော်မှန်းချက်မှာ “နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်သယံဇာတများကို လက်ရှိနှင့်အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်သွားရန်” ဖြစ်ပါကြောင်း။

ထိုအနာဂတ် ရည်မှန်းချက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက် (၃) ရပ် အဖြစ် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက်လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှလျော့နည်း သက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ဖြစ်စေရန်တို့ကို ချမှတ်၍ နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အပံ့ပြုရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေမှာ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ထုတ်ပြန်ခဲ့သည့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်း (၂၀၁၅) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂၀၁၅ ခုနှစ်တွင် စုစုပေါင်း ၁၁၂၁၂၇ စတုရန်းမိုင်ဖြစ်၍ နိုင်ငံအကျယ်အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိပါကြောင်း၊ (FAO) မှ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်းကို ငါးနှစ်လျှင် တစ်ကြိမ် ထုတ်ပြန်ပါကြောင်း။

ထို့ကြောင့် သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် တစ်နှစ်တာကာလအတွင်း ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၆ခုနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၃ခု၊ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ လက်ရှိအချိန်အထိ ဖွဲ့စည်း/သတ်မှတ်ပြီးစီးမှုမှာ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော (၁၂၂၄)ခု၊ ဧရိယာ (၄၂၃၁၂၇၇၃) ဧက၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၃)ခု၊ ဧရိယာ(၉၇၄၀၀၇၉ ဒသမ ၄၂)ဧက၊ နိုင်ငံဧရိယာ၏ ၅ ဒသမ ၈၃ ရာခိုင်နှုန်းကို သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ၂၀၁၇-၂၀၁၈ခုနှစ် မှ ၂၀၂၆-၂၀၂၇ ခုနှစ် အထိ သစ်တောများတည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း (၁၉) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ပိုင် စိုက်ခင်း (၃၀၈၉၂) ဧက တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် နှစ်စဉ်တောထွက် ပမာဏ၏ ကျွန်း ၅၅ ရာခိုင်နှုန်းနှင့် သစ်မာ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် နှစ်စဉ်တောထွက်ပမာဏ၏ ကျွန်း ၃၉ ရာခိုင်နှုန်းနှင့် သစ်မာ ၂၇ ရာခိုင်နှုန်း သာထုတ်လုပ်ခဲ့ပြီး သစ်တောစိုက်ခင်းများမှ ကျွန်းထုတ်လုပ်ခြင်းကို ၂၀၁၈-၂၀၁၉ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေရေး၊ သဘာဝတောများအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း၊ ကုန်းမြေများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ခုနှစ် တွင် ကျွန်းတန် (၁၀၀၀၀)၊ သစ်မာ(၃၀၀၀၀၀)၊ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ကျွန်းတန် (၈၀၀၀)၊ သစ်မာ (၂၅၀၀၀၀)နှင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် ကျွန်းတန် (၆၀၀၀) နှင့် သစ်မာ (၂၂၀၀၀၀)ကို အချိုးကျ လျှော့ချထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အရှိန်အဟုန်မြှင့်စွာ ဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းအဖွဲ့များနှင့် ခရိုင်လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယ(၁) နှစ်တာကာလအတွင်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက (၉၀၀၀၀) ကျော်၊ အသုံးပြုအဖွဲ့ (၈၂၇) ဖွဲ့၊ အဖွဲ့ဝင် (၁၅၉၇) ဦး တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယခုအစိုးရသစ်ကာလ ၃ နှစ်တာ ကာလအတွင်း အသုံးပြုသူအဖွဲ့ ၂၃၈၁ ဖွဲ့နှင့် အဖွဲ့ဝင် ၄၈၁၂၂ ဦးပါဝင်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာ(၃၂၁၃၆၈) ဧက တည်ထောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဒေသခံပြည်သူလူထု၏ နေ့စဉ်ဘဝ အခြေခံလိုအပ်ချက် တစ်ရပ်ဖြစ်သည့် ဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပုဂ္ဂလိကဝါးစိုက်ခင်း တည်ထောင်မှုများကိုလည်း အခုအစိုးရ ကာလထဲတွင် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိရာ ယခင်ကပုဂ္ဂလိကဝါးစိုက်ခင်း ဧက(၄၀၀)ကျော် သာရှိခဲ့ပြီး လက်ရှိအချိန်တွင် ဧက(၁၈၀၀)ကျော်အထိ တည်ထောင်ခွင့်ပြုပေးထားကာ ဧက (၁၆၀၀)ကျော် တည်ထောင်စိုက်ပျိုးပြီး ဖြစ်ပါကြောင်း။

သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်များ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး တတိယ (၁) နှစ်တာကာလအတွင်း တရားမဝင်သစ်တန်ချိန် (၄၄၈၃၀)တန်၊ တရားခံ (၅၁၉၂)ဦး၊ ယာဉ်/ယန္တရား (၃၃၇၇)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၁၇ခုနှစ် စက်တင် ဘာလမှစ၍ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ် ဧပြီလမှ ၂၀၁၉ခုနှစ် မတ်လကုန်အထိ စုစုပေါင်း တရားမဝင်သစ် (၇၄၇၇ ဒသမ ၅၆၇၅)တန်၊ တရားခံ (၈၂၉)ဦး၊ ယာဉ်/ယန္တရား (၄၅၉)စီးကို ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ထိုသို့ တိုးတက်ဖမ်းဆီးရမိခဲ့ခြင်းသည် ဒေသခံပြည်သူလူထု၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ ပီပီပြင်ပြင် ပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးမှုတို့အရ ဖြစ်ကြောင်းကို အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများသုံးစွဲခြင်း၊ စိမ်းလန်းစိုပြည်ရေး သစ်ပင်များစိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း စသောအချက်များကို အခြေခံ၍ ကျေးရွာအတွင်း ဆောင်ရွက်ခြင်း၊ နီးစပ်ရာ ကျေးရွာများသို့ ထပ်ဆင့် စည်းရုံးပေးခြင်းများနှင့်အတူ ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းသော ကျေးရွာများကို စံပြကျေးရွာများ ထူထောင်ဆောင်ရွက်ခဲ့ရာ တတိယ (၁)နှစ်တာ ကာလအတွင်း စံပြကျေးရွာပေါင်း (၅၃) ရွာ လျာထားဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာ့သစ်လုပ်ငန်းသည် သစ်ထုတ်လုပ်ငန်းများ လျှော့ချခြင်း၊ ပဲခူးရိုးမအား သစ်ထုတ်ခြင်း ၁၀နှစ် အနားပေးခဲ့ခြင်းတို့ကြောင့် ဌာနမှ အနားပေးဆင်များ၊ ဝန်တင်ဆင်များဖြင့် ဆင်ဝန်ထမ်းများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဌာနဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးတက်ရရှိစေရန်၊ ပြည်သူများဆင်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ပြည်သူများ အပန်းဖြေနိုင်မည့် နေရာများ ပေါ်ထွက်လာစေရန်အတွက် ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အခြေခံသော Elephant Conservation Based Tourism (ECBT) ဆင်စခန်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စ၍ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တတိယ(၁) နှစ်တာကာလအတွင်း ခရီးသွားဆင် စခန်း (၈)ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုအခါခရီးသွား ဆင်စခန်း (၂၀) ခုရှိပြီဖြစ်ပါကြောင်း၊ လုပ်ငန်းသဘောသဘာဝ ကိုက်ညီသောနေရာများတွင် ခရီးသွား ဆင်စခန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

သတ္တုကဏ္ဍတွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လုပ်ကွက်အသစ် လျှောက်ထားမှုများကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှစတင်၍ ယာယီဆိုင်းငံ့ထားခဲ့ပြီး နည်းဥပဒေများ ထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်မှစ၍ လုပ်ကွက်အသစ်လျှောက်ထားမှုများကို ပြန်လည်လက်ခံ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် မေလမှစတင်၍ သတ္တုဖြစ်ထွန်းမှုရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခွင့်ပြုမိန့်ထုတ်ပေးထားသည့် ဓာတ်သတ္တု လုပ်ကွက်များအား မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ခွင့်ပြုမိန့်နှင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း လိုက်နာမှု ရှိ/ မရှိ စိစစ်ရန်နှင့် သတ္တုတူးဖော်မှု လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလျော့နည်းစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးအနက်ထား လုပ်ဆောင်ရန် လိုအပ်လာသည့်အတွက် ဝန်ကြီးဌာန ပူးပေါင်းကွင်းဆင်း စစ်ဆေးရေးအဖွဲ့ (၁၂)ဖွဲ့ဖြင့် လုပ်ကွက်များအား စစ်ဆေးနိုင်ခဲ့ကာ မြန်မာ့သတ္တုတွင်း နည်းဥပဒေ (၂၀၁၈) ကို ထုတ်ပြန်ပြီးနောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အား သတ္တုတွင်းဦးစီးဌာနမှဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ (၉)ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်း၍ ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်၍ စစ်ဆေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လအထိ လုပ်ကွက် (၃၅၄)ကွက်အား ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပါကြောင်း။

EITI တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာကို ဒုတိယအကြိမ် (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်နှင့် တတိယအကြိမ် (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တို့ အတွက် သတ္တုကဏ္ဍ၊ ကျောက်မျက်ကဏ္ဍတို့မှ နိုင်ငံတော်အတွက် ရရှိသည့် အခွန်ဘဏ္ဍာ အချက်အလက်များအား ၂၀၁၈ ခုနှဏ် မတ် ၃၀ရက်တွင် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ထံသို့ တင်ပြထားပြီးဖြစ်ပါကြောင်း။

နိုင်ငံတကာ EITI စံနှုန်းအရ ပြည်သူများ အချက်အလက်ရယူနိုင်သောစနစ်ကို အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်အတွက် ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုကိုသေချာစေခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို တိုးတက်စေမည်ဖြစ်ခြင်း စသည့်တို့ကို ရည်ရွယ်ပြီး Mineral Cadastre စနစ်ကို တည်ဆောက်နေပါကြောင်း၊ Mineral Cadastre စနစ် အောင်မြင်စေရန် ဝန်ကြီးဌာနမှ Pre Cadastre Working Group အား ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်း စုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းပြီး သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင်တို့၏ အချက်အလက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း အပိုင်းတွင် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနက စစ်ကိုင်း တိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်နှင့် ပင်လည်ဘူး မြို့နယ်များအတွင်း ဒေသန္တရ ဘူမိဗေဒ မြေပုံရေးဆွဲခြင်းကို ဧရိယာ (၂၇၇၉ ဒသမ ၅) စတုရန်းကီလိုမီတာကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါ၊ ထီးလင်း၊ ပေါက်နှင့်ပုလဲ၊ ကနီ၊ မင်းကင်းဝန်းကျင်ဒေသများတွင် ကျောက်မီးသွေး တိုးချဲ့ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (သ-၄)အဆင့် ကျောက်မီးသွေး တန်ချိန် (၁ ဒသမ ၂၈)သန်း မက်ထရစ်တန် တွက်ချက်နိုင်ခဲ့ပါကြောင်း။

ဖယ်လ်စပါလ်(ကြွေကျောက်)အနေဖြင့် မန္တလေးတိုင်းဒေသကြီး အင်တိုင်းသာ၊ သန်းတောဒေသဝန်းကျင်တွင် အသေးစိတ်ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နမ့်ခမာ(ချောင်းသာ)ဝန်းကျင် ဒေသတွင် ကျောက်စိမ်းထွက်ရှိကြောင်း သတင်းပေးမှုအရ ပဏာမကွင်းဆင်း လေ့လာရေးကို ဆောင်ရွက်ခဲ့ပြီး ကျောက်စိမ်းဖြစ်ထွန်းနိုင်မှုရှိသော Conglomerate bed ကို 2.5 km ခန့် ဖော်ထုတ်ခဲ့ပြီး ယခုအခါ အသေးစိတ် စမ်းသပ်တိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဂရက်ဖိုက်ရှာဖွေစမ်းသပ်တိုင်းတာရေး လုပ်ငန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင် ကြက်စောင်းတောင်ဝန်းကျင်တွင် ဂရက်ဖိုက် စမ်းသပ်တိုင်းတာရေး လုပ်ငန်းများနှင့် လွန်တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ (၁၂)ကျင်းမြောက်လွန်ကျင်းကို တူးဖော်ပြီး ဖြစ်ပါကြောင်း။

၂၀၁၈ခုနှစ် ဇွန်လတွင် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲနှင့် နိုဝင်ဘာလတွင် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတို့ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားငွေဖြင့် ရောင်းချသည့်ပြပွဲမှ ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း (၄၃၂၉) တွဲ၊ တန်ဖိုးယူရို (၃၃၃ ဒသမ ၂၈) သန်းနှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှ ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း (၁၈၂၃)တွဲ၊ တန်ဖိုးကျပ် (၂၈၆၆၁ ဒသမ ၃၅)သန်း ရရှိခဲ့ပါကြောင်း၊ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲအား ၂၀၁၉ခုနှစ် မတ်လ(၁၁)ရက်မှ (၁၉)ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။

မြန်မာ့ပုလဲရောင်းချပွဲအား ပြည်ပတွင်(၁)ကြိမ်၊ ပြည်တွင်းတွင်(၂)ကြိမ်၊ စုစုပေါင်း(၃) ကြိမ်ရောင်းချခဲ့ရာ ဟောင်ကောင်နိုင်ငံတွင်ပြုလုပ်သည့် ပုလဲရောင်းချပွဲတွင် ပုလဲအတွဲပေါင်း (၂၉၈)တွဲ၊ ပုလဲလုံးရေ (၆၈၃၀၃)လုံး၊ အလေးချိန်(၄၈၅၅၇ ဒသမ ၇) မိုမီ၊ ပြည်တွင်းမြန်မာ့ ပုလဲရောင်းချပွဲတွင် ပုလဲအတွဲပေါင်း (၄၁၀)တွဲ၊ ပုလဲလုံးရေ (၁၇၉၃၂၇)လုံး၊ အလေးချိန် (၁၁၈၀၄၁ ဒသမ ၃၅)မိုမီ၊ တင်ပြရောင်းချရငွေ လျာထားချက်ကျပ် (၁၁၈၆၃ ဒသမ ၁၆၄)သန်းဖြစ်ပြီး အမှန်ရငွေမှာကျပ် (၁၃၇၅၇ ဒသမ ၄၄၇) သန်းဖြစ်၍ ၁၁၅ ဒသမ ၉၇ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း။

ဖားကန့်ဒေသ၏ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းများအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်၉၉/၂၀၁၈ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့ကလုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းပေးရေးနှင့် အလုပ်အကိုင် ရှာဖွေရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီး၏ ညွှန်ကြားချက်အရ နိုင်ငံပိုင်ပုလဲစခန်းနှင့် ပြည်တွင်း၊ ပြည်ပပုလဲစခန်း (၅)ခုသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ခရီးသွားများအား နေ့ခြင်းပြန် လာရောက်လေ့လာခွင့်ပြုခဲ့ရာ ၂၀၁၉ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံခြားသား (၆၉)ဦး၊ မြန်မာနိုင်ငံသား (၁၈၆)ဦး၊ စုစုပေါင်း (၂၅၅)ဦး လာရောက်လေ့လာခဲ့ပြီး ဝင်ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ (၂၂၅၉ ဒသမ ၅၀)နှင့် မြန်မာကျပ်ငွေ (၃၂၂၄၆၅၆) ရရှိခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တတိယ (၁)နှစ်တာကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိန်းလမ်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးနေသည့် အဖွဲ့အစည်းများအား ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ မိုးထိမိုမိတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရနှင့် ကုမ္ပဏီကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် အရေးယူဆောင်ရွက်မှု၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ကွက်ခွင့်ပြုမိန့်ရရှိသည့် ကုမ္ပဏီများမှ သစ်ပင်များအား အပြောင်ခုတ်လဲမှုနှင့် မအောင်မြင်သည့် ပုဂ္ဂလိကပိုင် စိုက်ခင်းများနှင့်စပ်လျဉ်း၍ ကုမ္ပဏီများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ကျော်မျိုးထွန်း၊ နန္ဒာဟန် 

\