နေပြည်တော်၊ ၁၂-၁၂-၂၀၁၉
မြန်မာ−သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် သီးနှံ-သစ်တောရောနှောစိုက်ပျိုးခြင်းကို အထောက်အကူဖြစ်စေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H. E. Mr. E. M.M. Nandimithra Ekanayake ထံသို့ ကျွန်းမျိုးစေ့ (၁၅၀၀၀) စေ့အားပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ၁၂-၁၂-၂၀၁၉ ရက်နေ့၊ (၁၅:၀၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝကျွန်းသစ်မျိုး အကောင်းဆုံးပေါက်ရောက်ရာ မူရင်းဒေသဖြစ်ပြီး ယခုလှူဒါန်းသည့် ကျွန်းမျိုးစေ့များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၂၅)ရှိ မျိုးရိုးဗီဇအားဖြင့် မြှင့်တင်ထားသော ကျွန်းမျိုးသန့် ဥယျာဉ်တစ်ခုမှ စုဆောင်းထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။