နေပြည်တော်၊ ၆−၈−၂၀၂၀
၂၀၂၀ ပြည့်နှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းဘေးရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် (၂၀) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။
အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မဟော်ဂနီပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးသည်။
အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကျွန်းပင်ကိုလည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သပြေပင်ကိုလည်းကောင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ် (၂၀)၌ သစ်ပင်ပျိုးပင်များ စိုက်ပျိုးထားမှု အခြေအနေကို လိုက်လံကြည့်ရှုသည်။
ယင်းအခမ်းအနားတွင် မဟော်ဂနီ၊ ကျွန်း၊ သပြေ၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမလန်း၊ အင်ကြင်း၊ ဖျောက်ဆိပ်၊ ရုံး၊ ကံ့ကော်၊ ယင်းမာ၊ ရေသဖန်း၊ ပန်းမယ်ဇလီ၊ ထောက်ကြံ့၊ မဏိဩဃ၊ စစ်၊ သင်းဝင်၊ လယ်စ၊ မအူလက်တံတို၊ ယမနေ၊ ပျဉ်းမ၊ ပင်လယ်ကဗွီး၊ တင်းဝါး၊ ဝါးဘိုးမျက်ဆံကျယ်၊ ကြသောင်း၊ ဝါးမင်း၊ ဝါးဘိုး စသည့် ပျိုးပင်စုစုပေါင်း ၇၀၀ ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ ၈၅၁၇ ဒသမ ၀၉ ဧက အကျယ်အဝန်းရှိပြီး အကွက်ပေါင်း(၅၁)ကွက်ရှိကာ အပင်မျိုးပေါင်း ၂၀ ကျော် ပေါက်ရောက်လျက်ရှိကြောင်းသိရသည်။
(သတင်းစဉ်) Crd# MOI