၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ အချိန်တွင် ရုံးအမှတ်-၂၈၊ နေပြည်တော်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ပြီး ဦးစီးဌာန၊ လုပ်ငန်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်တို့က Online စနစ်ဖြင့်တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ရုံး၊ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းခွင်၊ ဝန်ထမ်းအိမ်ရာများတွင် တာဝန်ထမ်းဆောင်၊ နေထိုင်ကြသည့်ဝန်ထမ်းများတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ဌာနလုပ်ငန်းယန္တရား လည်ပတ်မှု ထိခိုက်မှုမရှိစေရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်၊ ညွှန်ကြားချက်များအပေါ် အလေးထားပြီး တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန အဆင့်၊ ဦးစီးဌာန၊ လုပ်ငန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်ပက်သက်၍ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက် တစ်ချက်ချင်းအလိုက် အသေးစိတ်လိုက်နာရန်ကိစ္စများကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။