(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ခြင်းနှင့် မြန်မာနိုင်ငံသစ်တောကျောင်း လေ့ကျင့်သင်ကြားရေးသစ်တော (၅၀၀)ဧက သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်

(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ () ရက်နေ့တွင် Video Conference စနစ်ဖြင့် လက်ခံကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialized Meteorological Center) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သဘာပတိအဖြစ် ဆောင်ရွက်သည်။

အဖွင့်မိန့်ခွန်းပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာ ယနေ့ကမ္ဘာတွင် သဘာဝသယံဇာတများရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲအရင်း အမြစ်များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့် လေညစ်ညမ်းမှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ မဲခေါင်ဒေသအတွင်း သစ်တောများ၊ ဒေသမျိုးရင်းအပင်များနှင့် တိရစ္ဆာန်များ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ စိမ့်မြေများနှင့် အဏ္ဏဝါ အရင်းအမြစ်များစသည့် ထူးခြားကွဲပြားသော ဂေဟစနစ်များ ကြွယ်ဝသော်လည်း ယခုအခါ ပျက်စီးယိုယွင်းမှုများနှင့် ကြုံတွေ့နေမှုအပေါ် ကာကွယ်နိုင်ရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အထူးသဖြင့် တောမီးများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မဲခေါင်နိုင်ငံများ အပါအဝင် အာဆီယံဒေသအတွင်း အရေးတကြီး ပူးပေါင်းဖြေရှင်းရမည့် ဒေသအတွင်းပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချခြင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဲခေါင် ဒေသနိုင်ငံ အားလုံးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သုံးသပ်ဆွေးနွေးခြင်း

ဆက်လက်၍ အာဆီယံဆိုင်ရာမိုးလေဝသဌာနမှ မဲခေါင်ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သုံးသပ်တင်ပြဆွေးနွေးခြင်း၊ (၁၆) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစီရင်ခံစာကို မြန်မာနိုင်ငံ ကိုယ်စားလှယ်မှ တင်ပြဆွေးနွေးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်မှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ၊ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံဆိုင်ရာ၊ အာဆီယံသစ်ဆွေးမြေစီမံခန့်ခွဲမှုမဟာဗျူဟာဆိုင်ရာတို့အပေါ် သုံးသပ်ဆွေးနွေး သည်။

အတည်ပြုခြင်းများ ဆောင်ရွက်

သုံးသပ်ဆွေးနွေးချက်များအပေါ် အာဆီယံဆိုင်ရာမိုးလေဝသဌာနက နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွားရန်၊ နိုင်ငံအလိုက် မီးလောင်ကျွမ်းမှုလျော့ချရေး လုပ်ငန်းစီမံချက်များ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဒေသအတွင်းပူးပေါင်း ဆောင်ရွက်ခြင်းကို မြှင့်တင်သွားရန်နှင့် ချင်းရိုင်(၂၀၁၇)လုပ်ငန်းစီမံချက်အရ မီးလောင်ကျွမ်းမှု အရေအတွက် (Hot Spot) လျော့ချရေးရည်မှန်းချက် ပြင်ဆင်ခြင်းတို့ကို အစည်းအဝေးမှ အတည်ပြု သတင်းထုတ်ပြန်သည်။

နိဂုံးချုပ်အမှာစကားပြောကြား

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့က ဒေသအတွင်း နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနှင့်စပ်လျဉ်း၍ အမှာစကားအသီးသီး ပြောကြားပြီး အစည်းအဝေးသဘာပတိ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျော့ချရေး လမ်းပြမြေပုံ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပိုမိုမြှင့်တင်ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် ဆွေးနွေးပေးသော ဝန်ကြီးများနှင့် အဆင်မြင့်ကိုယ်စားလှယ်များ၊ ပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံသစ်တောကျောင်း လေ့ကျင့်သင်ကြားရေးသစ်တော (၅၀၀)ဧက သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မေမြို့ထင်းကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံသစ်တောကျောင်း လေ့ကျင့်သင်ကြားရေးသစ်တော (၅၀၀)ဧက သို့သွား၍ ကွင်းဆင်း ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများမှ ကျွန်းရတနာ ရှင်းလင်းဆောင်၌ လေ့ကျင့်ရေးသစ်တောနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက မေမြို့ထင်းကြိုးဝိုင်းအတွင်း၊ တိုးတက်ကောင်းမွန် လာသော တောအခြေအနေများ အားကြည့်ရှု စစ်ဆေးခဲ့ပြီး သဘာဝတောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တောအား ဆက်လက်၍ ထိန်းသိမ်း ကာကွယ်စောင့် ရှောက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။