မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဥ် ဖွဲ့စည်းသတ်မှတ်

မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဥ် ဖွဲ့စည်းသတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ  အပ်နှင်းထားသည့် အခွင့်အာဏာများကို  ကျင့်သုံး၍  ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့နယ်အတွင်းရှိ  ဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဥ်အဖြစ်  ၁၃၈၃ ခု တပေါင်းလဆန်း (၉)ရက် ၊ ၂၀၂၂ ခုနှစ် မတ် လ(၁၀)ရက်မှ စတင်သတ်မှတ်ကြောင်း ကြေငြာလိုက်သည်။

          မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီး ဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့်အကွာတွင် တည်ရှိ၍ ထန်တလန်-ဟရီဖီး-ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့  ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ  ဝင်ထွက်သွားလာ အပန်းဖြေ နိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမရူပသွင်ပြင်ထူးခြားသော ဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ အမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်သည်။

          အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရ ပြယုဂ်ဖြစ်သည့် ထင်းရှူး၊ ‌ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ ၊ သစ်ခွမျိုးများ ပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များ  ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များ ရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည် ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေငြာခြင်းဖြစ်သည်။