ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ် ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်ပါသည်။
အထက်ပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၁၁ လသား အရွယ်တွင် အရပ် အမြင့် ၃ ပေ ၈ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၆၀၇ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”မှာ ငယ်စဥ်ကတည်းကပင် လူနှင့်ယဥ်ပါးသည့် ဆင်ဖြူတော်လေး ဖြစ်ပြီး ပိုမိုယဥ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။