ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသရှိ ခရိုင်များအတွင်း တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများတည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ အား ကွင်းဆင်းစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၉-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ရွှေတပင်ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသအထူးစိမ်းလန်း စိုပြည်ရေးနှင့် သစ်တောစိုက်ခင်းများတည်ထောင်ရန် သစ်မျိုး ၁၈ မျိုးဖြင့် ပျိုးပင်ပေါင်း ၁ သိန်းကျော် ပျိုးထောင်ထားရှိမှုအခြေအနေနှင့် ကန်ရေပျိုးဥယျာဉ်အတွင်း ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးရန်အတွက် သစ်မျိုး ၂၀ ဖြင့်ပျိုးပင် ၁၁၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသများ စိမ်းလန်းစိုပြည်ရေးအတွက် ဒေသမျိုးရင်း သစ်မျိုးများနှင့် အရိပ်ရလေကာသစ်မျိုးများအား ပျိုးသက် ၂ နှစ်နှင့်အထက်၊ ပျိုးပင်အမြင့် ၂ ပေ အထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိနိုင်အောင် ဆောင်ရွက်သွားရန်၊ လူထုဖြန့်ဝေစိုက်ပျိုးခြင်းတွင် ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေစိုက်ပျိုးသွားရန်၊ စိုက်ပျိုးသောသစ်ပင်များ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ဆောင်ရွက်ရန်နှင့် ရှင်သန်သောအပင်များအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးမည့် ၁/၂၀၂၄ ကျေးရွာ သုံးထင်းစိုက်ခင်း ၃၀ ဧက၏ မြေပြုပြင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာများ၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ထင်းလိုအပ်ချက်များအတွက် သဘာဝတောများမှ မှီခိုနေမှုကို လျော့ချနိုင်ရန်အတွက် ကျေးရွာထင်းစိုက်ခင်းများ၊ တစ်ရွာ ၂ ဧက စိုက်ခင်းများ တိုးချဲ့တည်ထောင်သွားရန်၊ စိုက်ခင်းတည်ထောင်ခြင်းနှင့်အတူ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ရေး၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းဖြင့် တစ်အုပ်တစ်မ သစ်တောအုပ်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ၁/၂၀၂၄ ကျေးရွာ ထင်းစိုက်ခင်း ၂၀ ဧက၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ချောင်းကောက်ကျေးရွာ တစ်ရွာ ၂ ဧက ဘက်စုံသုံး စိုက်ခင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်၊ တောပုန်းကြီးကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ် ၁ ရှိ ၂/၂၀၂၄ ကျေးရွာထင်းစိုက်ခင်း ၂၀ ဧက၏ မြေပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ်ရှိ ၁/၂၀၂၃ ကျေးရွာထင်း စိုက်ခင်း ၁၂၅ ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် သက္ကယ်ကျင်းကျေးရွာရှိ ၂၀၂၄ မိုးရာသီ ဘက်စုံသုံးစိုက်ခင်း တစ်ရွာ ၂ ဧက စိုက်ပျိုးမည့်နေရာ မြေပြုပြင်ဆောင်ရွက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့်တွေ့ဆုံကာ  သစ်တောသစ်ပင်များ၏ ကောင်းကျိုးနှင့် လူသားတို့အပေါ် အကျိုးပြုပုံ၊ မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များအား ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပုံတို့နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ဒေသခံများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ပြည်ကျွန်းကြိုးဝိုင်း ၇၈ ဧကအတွင်း သက်ကြီးကျွန်းစိုက်ခင်းအား ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့် ကျွန်းသစ်စေ့ထုတ်ဧရိယာ တည်ထောင်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ အောင်မြင်အောင်တည်ထောင်ရာတွင် မျိုးကောင်းမျိုးသန့် ကျွန်းသစ်စေ့များရရှိရေးသည် အလွန် အရေးကြီးသည့်အတွက် ကောင်းမွန်ဖြောင့်တန်းသော ကျွန်းပင်များပေါက်ရောက်ရာ သဘာဝတောနှင့် သက်ကြီးကျွန်း စိုက်ခင်းနေရာများအား ကျွန်းသစ်‌စေ့ထုတ်ဧရိယာအဖြစ် တိုးချဲ့သတ်မှတ်သွားရန် မှာကြားခဲ့သည်။

၂၀-၅-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့၊ မြန်မာ့သစ်လုပ်ငန်းဧည့်ရိပ်သာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ် ဖမ်းဆီးဖော်ထုတ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တရားမဝင်သစ် ဖမ်းဆီးဆောင်ရွက်မှု သည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကျွန်း/သစ်မာ ၁၀,၇၈၁ တန်၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၇,၇၄၂ တန်၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် မေလလယ်အထိ ၁,၆၃၁ တန် ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၂,၂၆၅ တန်၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် မေလလယ်အထိ ၄၉၂ တန် ဆောင်ရွက်ခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ တရားမဝင် သစ်ဖမ်းဆီးဖော်ထုတ်ရာတွင် နည်လမ်း ၈ သွယ်ဖြင့် ဆောင်ရွက် နေသည့်အနက် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အား ယခုထက်ပို၍ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက် သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေးအတွက် တရားမဝင်သစ် ဖမ်းဆီးဖော်ထုတ်ရေးသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ပိတောက်မြိုင်ပျိုးဥယျာဉ် အတွင်း လူထုဖြန့်စိုက်ပျိုးခြင်းအတွက် သစ်မျိုး ၁၉ မျိုးဖြင့် ပျိုးပင် ၆၀,၀၀၀ ကျော်ပျိုးထောင်ထားမှု အခြေအနေအားလည်းကောင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရွှေဝါမြိုင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၁၀၆,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၃ ခုနှစ် သီးနှံသစ်တောရောနှော စိုက်ခင်းအားလည်းကောင်း၊ သာယာဝတီမြို့နယ် ရာပြည့်ပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပွဲတော်များ နှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၉၀,၀၀၀ ကျော်ပျိုးထောင်ထားရှိမှုအား လည်းကောင်း၊ တရားမဝင်သစ် ဖမ်းဆီးဖော်ထုတ်မှုမှ ရရှိလာသောသစ်များ စုပုံဆောင်ရွက်ထားမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။