သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ခရိုင်အဆင့်အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနက ကျောက်ဆည်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ‌လျှော့ချရေးဆိုင်ရာအသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်ချက်ဖြင့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ၁၇.၅.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၁) အခြေအခံပညာထက်တန်းကျောင်း စုဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဟောပြောရာတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ ရေဝေရေလဲဒေသများထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများနှင့် သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအကြောင်းတို့ကို ဟောပြောခဲ့ကြပါသည်။

အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦး၊ ဆရာဆရာမများနှင့် ဖိတ်ကြားထားသူ(၁၂)ဦး စုစုပေါင်း(၁၁၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်မြို့နယ်၊ မြို့မပျိုးဥယျာဉ်သို့ သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား သစ်စေ့မှပျိုးပင်ပေါက် ပျိုးကူးခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှုနှင့် လက်တွေ့သစ်ပင်စိုက်ပျိုးခြင်းကို သရုပ်ပြ ရှင်းလင်းပြသခဲ့ပါသည်။