ရုန်းတောင်ကြိုးပြင်ကာကွယ်တော သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါး မြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၅၁၇)ဧကရှိသောနယ်မြေကို “ရုန်း တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ခုနှစ်၊ ဇွန်လ ၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဟားခါးမြို့၏ အဓိက တည်နေရာ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် တားမြစ်အပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်း သစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ရန်၊ တရားမဝင် သစ်တောထွက်ပစ္စည်း များထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်နိုင်ရန်၊ တရားမဝင်အမဲလိုက်ခြင်းအား ကာကွယ်တားဆီး နိုင်ရန်၊ မြေပြိုတိုက်စားခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော အဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

ရုန်းတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်းပေါက်ရောက် လျက်ရှိသော တားမြစ်သစ်ပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ထင်း ရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင်၊ မိုင်းဘောပင်၊ ကရဝေးပင် နှင့် သစ်ကြားပင် စသည်တို့အား ထိန်းသိမ်းနိုင်မည့်အပြင် သဘာဝပန်းအလှပင်များ၊  ချိုချဉ်သစ်ခွ၊ နုခါ သစ်ခွ၊ ငါးရိုးသစ်ခွ စသည့်သစ်ခွမျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ချေ၊ တောကြောင်၊ ယုန် စသည့် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေသည့် စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။