သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးမှ ယခုနှစ်ကျရောက်သည့် အထိမ်းအမှတ်ဆောင်ပုဒ်မှာ “အပူချိန် ထိန်းညှိ နည်းပညာတိုးတက်ရေး အလေးထားဆောင်ရွက်ပေး”  “Temperature Matters…. Absolutely!” ဖြစ်ကြောင်း၊ အပူချိန်အခြေအနေ အမျိုးမျိုးဖြစ်ပျက်နေသည့် ကမ္ဘာ့နေရာဒေသ အသီးသီးတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်တစ်စိုက်ကြိုးစားနေကြသည့် လူသားများ၏ စွမ်းအင်ချွေတာခြင်းနှင့် အိုဇုန်းလွှာနှင့် ရာသီဥတုစနစ်ကို မထိခိုက်စေနိုင်သော အပူချိန်ထိန်းညှိ နည်းပညာများ ကြိုးစားတီထွင်မှုကိုအသိအမှတ်ပြုခြင်း၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားတို့၏ သက်သောင့်သက်သာနေထိုင်လိုမှုတို့အကြား ပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေသော နည်းလမ်းများနှင့် အပူချိန်ကိုလိုအပ်သလို ထိရောက်စွာထိန်းညှိအသုံးပြုနိုင်သော နည်းပညာ၏အရေးပါမှုနှင့် အပူချိန်ထိန်းညှိခြင်း နည်းပညာကိုအသုံးပြုပြီး  အအေးပေးစက်ပစ္စည်းများ ထုတ်လုပ်နေသောစက်မှုလုပ်ငန်းများ၏ အရေးပါမှုအခန်းကဏ္ဍကို မီးမောင်းထိုးအသိပညာပေးရန် ရည်ရွယ်ပါကြောင်း၊

   မြန်မာနိုင်ငံသည် အအေးပေးနည်းစနစ်များတွင် အသုံးပြုနေသည့် အအေးပေးဒြပ်ပစ္စည်းများ ကြောင့် အိုဇုန်းလွှာထိခိုက်ပျက်စီးမှု၊ ရာသီဥတုစနစ် ထိခိုက်စေမှုများအား လျော့နည်းစေရန် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၊ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက် ၄ ခု ဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်၊ ပေကျင်းပြင်ဆင်ချက်များတွင် သဘောတူလက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါကြောင်း၊ ပဉ္စမပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်တွင်လည်း လက်မှတ်ရေးထိုး နိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊

   မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ၊ ကမ္ဘာ့ပူနွေးမှု အလားအလာ မြင့်မားသော ဒြပ်ပစ္စည်းများအသုံးပြုသည့် အအေးပေးစက်များအား ပြည်ပသို့တင်ပို့ခြင်းမရှိသေးဘဲ ပြင်တွင်းသို့သာ တင်သွင်းအသုံးပြုနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ၏အရေးပါပုံကို သိရှိနားလည်တန်ဖိုးထားပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ကတိကဝတ်များနှင့်အညီ အိုဇုန်းလွှာပျက်စီး စေသည့်ဒြပ်ပစ္စည်းများ တင်သွင်းမှု၊ တင်ပို့မှု၊ သုံးစွဲမှုဆိုင်ရာ ကန့်သတ်ချက်များအား လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ 

   ခေတ်မီအပူချိန်ထိန်းညှိနည်းပညာသည် စွမ်းအင်ချွေတာခြင်းနှင့် ထိရောက်စွာအသုံးပြုခြင်း သာမက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းစေသည့်အတွက် အပူပေးသို့မဟုတ် အအေးပေး ပစ္စည်းများထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ၎င်းနည်းပညာကို အသုံးပြုခြင်းသည် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အအေးပေးနည်းပညာနှင့် သက်ဆိုင်သောလုပ်ငန်းများတွင် တိုးတက်လာသည့် ခေတ်ရေစီးကြောင်း နှင့်အညီအမီလိုက်ပြီး တွေးခေါ်နိုင်သည့်ပညာရှင်များအား အလုပ်ခန့်ထားရန်၊ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင်လည်း  နည်းပညာရပ်အသစ်များ သင်ကြားပေးရန်နှင့် အအေးပေးနည်းပညာ လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေး ဖန်တီးပေးရန် အထူးပင်လိုအပ်ပါကြောင်းနှင့် အနာဂတ်တွင် အပူချိန်ထိန်းညှိနည်းပညာ တိုးတက်စေရန်၊ တိုးတက်လာသည့် နည်းပညာများအား အစဉ်လေ့လာပြီး အိုဇုန်းလွှာနှင့် ရာသီဥတုစနစ် မထိခိုက်စေရေးစနစ်တကျအသုံးချနိုင်ရန်အတွက် မိမိတို့ဌာနဆိုင်ရာ များသာမက လုပ်ငန်းရှင်များနှင့် ပြည်သူလူထုမှ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း အလေးအနက်တိုက်တွန်းပြောကြားခဲ့သည်။

     ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယို ပြသမှုအား ကြည့်ရှုအားပေးပြီးနောက် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

     အဆိုပါအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်၊ ဌာနအသီးသီးမှဌာနအကြီးအကဲများ၊ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်များအသင်းနှင့် အအေးပေးဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။