ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အသီးသီးကျင်းပကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ လီဆူယဉ်ကျေးမှုကွင်း၌  စတုတ္ထအကြိမ်ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၉.၆.၂၀၂၄ ရက်နေ့ တွင်ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊  ကချင်ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ လီဆူယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ကြပြီး အမြင့်(၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ ပိတောက်၊ ဆူးထင်ရူး၊  စကားဝါ၊ သပြေ၊ မန်ဂျန်ရှား၊ ခရေ၊ ငါးပေါက်၊ အမြှောက်ဆံ၊ ရေတမာ၊ ယင်းမာ စုစုပေါင်း ပျိုးပင်(၈၀၈)ပင်ကို စိုက်ပျိုးခဲ့ ကြသည်။

ချင်းပြည်နယ်တွင် (၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အကြို) ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌  ၂၉-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြပြီး ချယ်ရီ၊ တောင်ဇလပ်၊ စိန်ပန်းပြာ၊ ရေသင်းဝင်၊ ထင်းရှုး၊ ယူကလစ်၊ မျှင်ဝါး စုစုပေါင်းပျိုးပင် (၁၄၇၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။