ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (Seed Balls)များ ကြဲချခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အထက်ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ၁၄-၇-၂၀၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မိုးရာသီ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ် (၅၆)ရှိ နေရာ (၁) နေရာ၊ ဧရိယာ (၁၀.၅) ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား (၉) မျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံးစုစုပေါင်း (၁၀၀,၀၀၀) ကြဲချခြင်းအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၅) ဦးဟန်သူ၊ နေပြည်တော်လေတပ်စခန်းမှ တာဝန်ရှိသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး နံနက် ၉:၃၀ နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ပါသည်။

သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး (၆၀ %)နှင့် အများဆုံး (၉၀%) ပေါက်ရောက်ပြီး အပင်ပေါက်ရောက်မှုရာခိုင်နှုန်းကောင်းမွန်သည့်  မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်မျိုး(၉)မျိုးကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံး (၁)လုံးလျှင် သစ်စေ့ (၂)စေ့မှ (၅)စေ့အထိ ထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။

သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိပါကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှုအခြေအနေ စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။