ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တို့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားများ အသီးသီး ကျင်းပ

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တို့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားများကို ၁၈-၇-၂၀၂၄ ရက်နေ့တွင် အသီးသီး ကျင်းပခဲ့သည်။

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လင်းခေးမြို့နယ်၊ ပန်ဝေါင်အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ သစ်ပင်စိုက်ပျိုးခြင်းအား ၁၈.၇.၂၀၂၄ ရက်နေ့တွင် ကျင်းပရာ ဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျောင်းကော်မတီ ရပ်မိ/ဖများ စုစုပေါင်း (၁၄၄) ဦး တက်ရောက်ခဲ့ကြပြီး လင်းခေးခရိုင်နှင့် လင်ခေးမြို့နယ် သစ်တောဦးစီးဌာနတို့မှ သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုခေါင်းစဉ်ဖြင့်လည်းကောင်း ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ သစ်ပင်စိုက်ပျိုးမှုအား သရုပ်ပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းဝင်းအတွင်း ကျွန်း၊ စိန်ပန်း၊ စိန်တံချူ၊ ရေတမာ၊ ခရေ၊ မဲဇလီ စုစုပေါင်း (၂၅၀) ပင်အား စိုက်ပျိုးခဲ့ကြပါသည်။

         ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် လှည်းကူးမြို့နယ်၊ သမဝါယမ ကောလိပ်(ဖောင်ကြီး)၌ သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ် ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁၈-၇-၂၀၂၄ ရက်နေ့၊ မွန်းလွဲ ၁:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ဟောပြောပွဲအခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သမဝါယမကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ကမ္ဘာ့သစ်တောများနှင့် မြန်မာ့သစ်တောများ၏ တည်ရှိမှုများ၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုခြင်းနည်းစနစ်များကို အသိပညာပေးဟောပြောခြင်း၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးလက်ကမ်းစာစောင် (၃၀၀) ကို ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။