သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၁-၈-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၆ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၁၀၀၀ ဦး တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျွန်းပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက် စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက သစ်ပင်များစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ သင်းဝင်၊ ယမနေ၊ ဆီသပြေ၊ ပျဉ်းမ၊ ရင်းမာ၊ တိန်းညက်၊ မာလာလူးကား၊ ပိုလိုနီးယား စုစုပေါင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင် ၃၀၀၀ ပင်အား လူထုလှုပ်ရှားမှု အသွင်ဖြင့်စိုက်ပျိုးကြသည်။
သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေပြီး ရာသီဥတုမျှတသာယာခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာရရှိစေသည့်အတွက် သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပြုစုရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံ အဝှမ်းတွင် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ၃၉၈ ကြိမ် သစ်ပင်ပေါင်း ၃၂၇,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီအတွင်း သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုး ခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများတွင် သစ်ပင်စုစုပေါင်း ၂၂.၆၉၆ သန်း (လျာထားချက်၏ ၁၀၂ ရာခိုင်နှုန်း) စိုက်ပျိုးပြီးစီးပြီဖြစ်သည်။