ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း သစ်တောကဏ္ဍလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ သွားရောက်စစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၄-၈-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ချက် ချမှတ်ထားမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပေါ်မြေအောက်သယံဇာတများအား စီမံခန့်ခွဲရသည့်ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသော မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သန့်ရှင်းကောင်းမွန်သော ပတ်ဝန်းကျင်ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သော Green Mining၊ Responsible Mining ဖြစ်စေရေး ဦးတည်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်သစ်နှင့် သတ္တုတွင်းထွက်များ ထုတ်ယူသယ်ဆောင်မှု တားဆီးရေးအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူကယုံကြည်လေးစား အားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဝန်ထမ်းများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့နယ်၊ တောင်ကြီး ငှက်ဘေးမဲ့တောအတွင်း ကျောက်တောင်မြေအား ကွန်တိုလိုင်းဖော် မြေအစားထိုးစနစ်ဖြင့် စိုက်ပျိုးထားသော အပင် ၂၃၅၀ ပင်၏ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် တောင်ကြီးထင်းကြိုးဝိုင်းအတွင်းရှိ ၂၀၂၃ ခုနှစ် ရေဝေရေလဲစိုက်ခင်း ၁၀၀ ဧကနှင့် ကွန်တိုလိုင်းဖော် မြေအစားထိုးစနစ်ဖြင့် စိုက်ပျိုးမှု အပင် ၁၂၅၀ ပင်၊ ၂၀၂၃ ခုနှစ် ယူကလစ်စပ်မျိုး စိုက်ခင်း ၁၀ ဧက၊ ၂၀၂၄ ရေဝေရေလဲစိုက်ခင်း ၇၅ ဧက၊ ကျောက်တောင်မြေအား မြေအစားထိုး၍ အပင် ၂၆၀၀ ပင် စိုက်ပျိုးထားမှုနှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်းထင်းရှူးစိုက်ခင်း ၇၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရေးနှင့် ရေဝေရေလဲစိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း ကျူးကျော်ဝင်ရောက်မှုနှင့် မြေအသုံးချမှုပြောင်းလဲမှုမရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ရေပေးဝေရေးအတွက် အရေးပါသော ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်စေရေးအတွက် စိုက်ပျိုးထားသည့် ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူးစိုက်ခင်း အပင် ၁၀၀၀၀ ပင်၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ သွားရောက်၍ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးသစ် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဟိုပုံး-လွိုင်လင် ကားလမ်း ၂၀၂၄ ခုနှစ် အာဆီယံလမ်းဘေးဝဲယာ စိုက်ခင်း ၄၂ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့နယ်၊ လွယ်တန့် ကျေးရွာသို့သွားရောက်၍ သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လွယ်တန့်ဒေသခံပြည်သူအစုအဖွဲပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၁၆ ရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်အောင်မြင်နေမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် လွယ်တန့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအတွင်း သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။