“ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနား”ကျင်းပ

“ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနား” ကို  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၉:၀၀ နာရီအချိန်တွင် Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS)၊ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း”ကို ၂၀၁၃ ခုနှစ်မှစတင်၍ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့်  “မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်အသစ်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ်များနှင့် ရေနေဇီဝမျိုးစိတ်အသစ်များ”အား သုတေသနပြုရှာဖွေလေ့လာဖေါ်ထုတ်ခြင်းလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်တွင် (၁၀) စုနှစ် တစ်ခုတိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တွဲလက်ညီညီဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများအကောင်အထည် ဖေါ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်ကောင်းမွန်သော ရလဒ်များစွာရရှိခဲ့ပါကြောင်း၊ ယခု (၁၀) နှစ်ပြည့်အခမ်းအနားမှစ၍ အနာဂါတ်ကာလများတွင်လည်း နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သုတေသနလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့နိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Key Note Presentation တင်ပြခြင်း၊ တရုတ်သိပ္ပံအကယ်ဒမီမှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်းနှင့် (၁၀) နှစ်ကြာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုရလဒ်များအားတင်ပြခြင်း၊ မြန်မာနိုင်ငံမှ စီမံကိန်းလုပ်ငန်းဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများအား အသီးသီးတင်ပြခြင်း များဆောင်ရွက်ခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

အဆိုပါ (၁၀) နှစ်ပြည့်အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာသံမှူးကြီးနှင့် တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တရုတ်-မြန်မာ စီမံကိန်းလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြသည်။