ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ၏ လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၆-၁၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် မိုးလုံလေလုံ အားကစားရုံသို့ သွားရောက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်း အားကစားသမား၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံရှိ အမျိုးသားဘောလီဘောအသင်း အားကစားသမားများနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အသင်းအဖွဲ့စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် အလေးထားကြိုးစားလေ့ကျင့်သွားရန် မှာကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသားဘောလုံး၊ အမျိုးသားဘောလီဘော၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်နှင့် အမျိုးသားဂေါက်သီးရိုက် စသည့် ပြိုင်ပွဲ(၅) မျိုးတွင် အသင်းနည်းပြ/ အုပ်ချုပ်သူနှင့် အားကစားသမား စုစုပေါင်း (၉၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။