ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂-၁၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်၊ဝါးနှင့် ပရိဘောကလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက သစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့် နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုး လျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သစ်များရှာဖွေခြင်း၊ ဒေသတွင်း နိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကိုလေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း။
သစ်အခြေခံပုဂ္ဂလိကကဏ္ဍ၏ ပြည်ပဝင်ငွေမှာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး ယခုထက်ပို၍ ရရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ဌာနအပိုင်းကလည်း လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်သည့်အတွက် သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဌာနနှင့်လုပ်ငန်းရှင်များပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သစ်၊ ဝါး၊ ကြိမ် အခြေခံ အချောထည် များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ ခုတ်လှဲထုတ်လုပ်ရောင်းချခြင်း၊ သစ်၊ ဝါး၊ ကြိမ် အချောထည်များနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ပြည်ပတင်ပို့ခြင်း ကိစ္စရပ် များကို တင်ပြဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် အုပ်စုအဖွဲ့များခွဲ၍ ဌာနနှင့် ပုဂ္ဂလိက စိုက်ခင်း ကဏ္ဍမှ ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေး၊ သစ်အခြေခံ စက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။