နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အာဆီယံ နိုင်ငံအချင်းချင်းသာမက မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုး တိုးတက်ပြီး အရှိန်အဟုန်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
၁၈-၁၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Royal Orchid Sheraton Hotel ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ ၊ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေး မှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံ မိုးလေဝသ စောင့်ကြည့် လေ့လာရေးဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက “မီးခိုးမြူငွေ့ကင်းစင်သော အာဆီယံ” အောင်မြင်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒ၊ မူဘောင်များကို အကောင်အထည်ဖော်ဆောင်ရွက်တိုးတက်မှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အခြားအာဆီယံနိုင်ငံ များနှင့်အတူ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြား သည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေ၊ ခြောက်သွေ့ရာသီတွင် မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် မိုးလေဝသ ခန့်မှန်းချက်နှင့် နိုင်ငံအလိုက် မီးခိုးမြူငွေ့ လျှော့ချရေးဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ (၂၀၂၃-၂၀၃၀)၊ အာဆီယံ သစ်ဆွေးမြေ စီမံအုပ်ချုပ်မှု မဟာဗျူဟာ (၂၀၂၃-၂၀၃၀) နှင့် မီးခိုးမြူငွေ့ကင်းစင်၍ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲရေးအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေး ဗဟိုဌာနတည်ထောင်ရေး ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ယခု အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန်၊ Fire hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဒေသတွင်း မူဝါဒ၊ မူဘောင်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အချက်တို့ကို အတည်ပြုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ၁၇-၁၂-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် ကြိုဆိုနှုတ်ဆက်ညစာစားပွဲ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။