သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်း ထူးချွန်ဆု၊ သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၃-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား အင်ကြင်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက်အရေးပါသော သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးအောင် လုံ့လစိုက်ကြိုးစားမှသာ အောင်မြင်သော စိုက်ခင်းများ ဖြစ်ထွန်းလာမှာဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်စေရေးအတွက် တရားမဝင်သစ် တားဆီးကာကွယ်ရေးသည်လည်း အထူးအရေးကြီးကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တရားမဝင်သစ် စုစုပေါင်း ၅၆၇၂ တန် ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရေးအတွက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲအား အားကစားနည်း ၆ မျိုး ဖြင့် ကျင်းပပေးခဲ့ကြောင်း၊ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ် ဖမ်းဆီးရမှုထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲ ဆုရသူများအား ဂုဏ်ပြုပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး ကျန်းမာပျော်ရွှင်စွာဖြင့် တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ခင်း၊ တရားမဝင်သစ်ဖမ်းဆီးရမှုနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ နှင့် ဆုရအသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ညနေပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်ခန်းမဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်အဆင့် သစ်တောပညာ နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ဘွဲ့နှင်းသဘင်ခန်းမအား အဆင့်အတန်းမှီစေရန် အကြီးစားပြင်ဆင်ခြင်း၊ အဝင်လမ်းသစ် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း တို့အား အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ သစ်တောသိပ္ပံဘွဲ့ရ ၃၀၈၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အရည်အသွေး ပြည့်ဝသောပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားပြသသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း စွမ်းဆောင်ရည်ပြည့်ဝရန် အရေးကြီးကြောင်း၊ အစဉ်အလာကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ်တို့ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိအောင် ဆရာ/ဆရာမများ၏ ဆုံးမစကားကို နာယူ၍ ကြိုးစားအားထုတ်စေလိုကြောင်း၊ ဆရာ၊ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအပေါ် သားသမီးသဖွယ် ကြည့်ရှုစောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရန်အောင်မြင် အမျိုးသားဆောင်တွင် ကျင်းပပြုလုပ်သော မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ကျောင်းသားကျောင်းသူများ၏ အဆို၊ အကနှင့် တေးသရုပ်ဖော် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။