၂၀၂၅ ခုနှစ် နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၂၅ ခုနှစ် နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာခြင်းအလုပ်ရုံဆွေးနွေးပွဲ (Consultation and Validation Workshop on Forest Resources Assessment 2025, Myanmar)ကို ၈-၁-၂၀၂၅ ရက်နေတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ RS & GIS ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ အသီးသီးတက်ရောက်ခဲ့ ကြသည်။

 အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် သစ်တောဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ကောင်းကင်ဓါတ်ပုံများ အသုံးပြုပြီး ၁၉၅၅ ခုနှစ်၊ ၁၉၇၅ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တို့တွင် ဆန်းစစ်လေ့လာ ခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှု ကို UNFAO ရဲ့ နည်းပညာအထောက်အပံ့ဖြင့် ဂြိုဟ်တုဓါတ်ပုံများ အသုံးပြုခြင်း၊ သယံဇာတစာရင်း ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို အသုံးပြု၍ ပြင်ဆင်လေ့လာခဲ့ကြပါကြောင်း၊  အကဲဖြတ်ရလဒ်များကို အစီရင်ခံစာများရေးသားပြုစု၍ ကမ္ဘာ့ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ ၅ နှစ်လျှင် ၁ ကြိမ်တင်ပြ၍ ကမ္ဘာ့သစ်တောသယံဇာတများ အကဲဖြတ်ခြင်း (Global Forest Resources Assessment- FRA) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တောသယံဇာတအခြေအနေ၊ အပြောင်းအလဲများ Time Series Data များကို ဖော်ပြပေးလျက်ရှိကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှုအခြေအနေကို ဂြိုဟ်တု ဓါတ်ပုံများ၊ Remote Sensing နှင့် GIS Soft ware များကို အသုံးပြုလေ့လာ၍ Digital Image Classification စနစ်ဖြင့် မြေပုံများရေးဆွဲခဲ့ပါကြောင်း၊ အစီရင်ခံ စာများအရ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုသည် ၄၆.၉၆ % (FRA 2010)၊ ၄၂.၉၂ % (FRA 2015) နှင့် ၄၂.၁၉ % (FRA 2020) အသီးသီးရှိပါကြောင်း၊ ၂၀၂၅ခုနှစ် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေကို Remote Sensingနှင့် GIS နည်းပညာများအသုံးပြုပြီး ဆန်းစစ်လေ့လာ ခြင်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့်ရလဒ်များအရ FRA 2025 အစီရင်ခံစာအဖြစ် ရေးသား ပြုစုခဲ့ပြီးနောက် အစီရင်ခံစာ(မူကြမ်း)ကို ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစားသစ်တောပညာရှင်များ၊ RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနှင့်တက်ရောက်လာသူများမှ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တိကျမှန်ကန်မှု ဆန်းစစ်လေ့လာခြင်းများနှင့် ရလဒ်တွက်ချက်ရာတွင် ဘာသာရပ်ဆိုင်ရာ၊ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ ဆွေးနွေးအကြံပြုပေးပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာန တာဝန်ရှိသူအသီးသီး၏ နိုင်ငံအဆင့်သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ RS & GIS  နည်းပညာအသုံးပြုလေ့လာမှုများ ရလဒ်တိကျမှန်ကန်ရေး စစ်ဆေးခြင်း နည်းစနစ်နှင့် အစီရင်ခံစာပြုစုခြင်း ဆောင်ရွက်ထားရှိမှု ရှင်းလင်းတင်ပြခြင်းများအပေါ်တက်ရောက် လာသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အငြိမ်းစားသစ်တောပညာရှင်များ၊  RS/GIS ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများမှ ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်း (FRA 2025) နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။