ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ၊ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အချောထည်ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် ညှိနှိုင်းဆွေးနွေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၄-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ရွှေပင်လယ်ကြိမ်အချောထည်စက်ရုံသို့ရောက်ရှိရာ ကြိမ်အချောထည်ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ကြိမ်ကုန်ကြမ်းရရှိမှုနှင့် ကြိမ်အချောထည်ထုတ်လုပ်မှု၊ နှစ်အလိုက် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချမှုနှင့် ဝင်ငွေရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံးတွင် သစ်အခြေခံ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အချောထည်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။ တွေ့ဆုံစဉ်တွ် ပြည်ထောင်စုဝန်ကြီးက ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သစ်အခြေခံ၊ ကြိမ်၊ ဝါး လုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများအား ရေရှည်တည်တံ့စေရန် သစ်တောသယံဇာတ ထုတ်ယူသုံးစွဲခြင်းအား အကန့်အသတ်ဖြင့် ထုတ်ယူလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အလားတူ ဝါးနှင့် ကြိမ်လုပ်ငန်းများအတွက် သဘာဝတောများမှ နှစ်စဉ်ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများတည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများနှင့် ကြိမ်၊ ဝါး အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သစ်များ ရှာဖွေရာတွင် ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း/ပြည်ပ စျေးကွက်ရရှိရေး၊ လုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်အခြေခံ၊ ကြိမ်နှင့် ဝါး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ အဆိုပါ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက်တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။