
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုချုပ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်တွင် သင်ကြားပေးလိုက်သော စာတွေ့သင်ခန်းစာများအား လက်တွေ့လုပ်ငန်းများနှင့် ပေါင်းစပ်၍ ပိုမိုသိရှိ ဆောင်ရွက်တတ်စေရန် တောတွင်းလက်တွေ့ကွင်းဆင်းရခြင်းဖြစ်ကြောင်း၊ အောင်မြင်သော သစ်တောစိုက်ခင်းတည်ထောင်ရာတွင် အခြေခံကျသော မြေနေရာရွေးချယ်မှု၊ မြေဆီလွှာအတန်းအစား၊ မျိုးကောင်းမျိုးသန့်သစ်စေ့များ ရှာဖွေစုဆောင်းမှု၊ ပျိုးထောင်မှုအဆင့်ဆင့်နှင့် ပြုစုထိန်းသိမ်းမှုများကို လက်တွေ့လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ အလားတူ စိုက်ခင်းများတွင် ဖျက်ဆီးတတ်သော ပိုးမွှားများ၏ သဘောသဘာဝနှင့် ကာကွယ်ရန် နည်းလမ်းများ၊ သုတေသန စိုက်ခင်းများ၏ ရည်ရွယ်ချက်နှင့် သုတေသန တွေ့ရှိချက်များ၊ သစ်မျိုးခွဲခြားခြင်းများကို လေ့လာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသွားရန်လိုကြောင်း၊ သို့မှသာ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဌာန၏ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည် ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာမှာဖြစ်ကြောင်း၊ ထို့အပြင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများအတွက်လည်း အခွင့်အလမ်း များစွာရှိကြောင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်သည့်အပြင် သုတေသနဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်နေသည့်အတွက် သုတေသနလေ့လာမှုများကိုလည်း ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် စာတွေ့သင်ခန်းစာများနှင့် ယခု တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများ ပေါင်းစပ်၍ ကြိုးစားလေ့လာသင်ယူသွားရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း Team Work ဖြင့် ဆောင်ရွက်သွားရန် မှာကြားပြီး တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ၏ တောတွင်းကွင်းဆင်း ဆောင်ရွက်နေမှုနှင့် သင်ကြားပို့ချနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုတောတွင်း လက်တွေ့ကွင်းဆင်းရာတွင် တောအမျိုးအစားခွဲခြားခြင်းနှင့် သစ်မျိုးခွဲခြားခြင်း၊ သစ်တောမြေဆီလွှာနှင့် သစ်တောမြေတိုင်းတာခြင်း၊ ကြိုးဝိုင်းနယ်နိမိတ်နှင့် အကွက်နယ်နိမိတ် စစ်ဆေးခြင်းနှင့် နယ်နိမိတ်ဘုတ်တိုင်များ ပြင်ဆင်ခြင်း၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းတွင် ကျရောက်တတ်သော ပိုးမွှာများ ကာကွယ်ခြင်း၊ စိုက်ခင်းဟောင်းများ မီးကာကွယ်ခြင်း၊ သစ်တော သယံဇာတ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်သည်။