ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်ရှိ မြေငလျင်ဒဏ်သင့် မြန်မာ့ကျောက်မျက်ပြတိုက်မှ ပြသထားသောပစ္စည်းများ ပြောင်းရွှေ့နေမှုအခြေအနေနှင့် ဝန်ကြီးဌာန ရုံးများ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၅-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြေငလျင်ဒဏ်သင့် မြန်မာ့ကျောက်မျက်ပြတိုက်သို့သွားရောက်၍ ပြတိုက်အတွင်း ဘေးအန္တရာယ်ကင်းစွာ ဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုပြီးနောက် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေနှင့် လက်ဝတ်ရတနာများ၊ အဖိုးတန်ဓာတ်သတ္တုများ ခင်းကျင်းပြသထားရှိရာ ပြတိုက်အပေါ်ထပ် အခြေအနေအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြတိုက်အပေါ်ထပ်မှ ခင်ကျင်း ပြသထားသော ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လူအန္တရာယ်မဖြစ်စေရေးနှင့် ပစ္စည်းများပျောက်ဆုံးမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန်မှာကြားသည်။

၄-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး မြေငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများအား ပြောင်းရွှေ့နေရာချထားမှု၊ ကူညီထောက်ပံ့ရေး ဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန ရုံးများသို့သွားရောက်၍ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။ ထို့နောက် ရွှေ့ပြောင်းနေရာချထားသော ဝန်ထမ်း မိသားစုများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။