ရာသီဥတုပြောင်းလဲမှုလျော့ပါးစေရေး၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး စသည့် သစ်တောထိန်းသိမ်းလုပ်ငန်းများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အလေးထားဆောင်ရွက်လျက် ရှိသည်။
ထိုသို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာ အကြီးအကဲများအား တွေ့ဆုံမေးမြန်း ထားပါသည်။
ဦးအုန်းဝင်း
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မေး။ တစ်နှစ်တာကာလအတွင်း ထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုများကို ပြောပြပေးစေချင် ပါတယ်ရှင့်။
ဖြေ။ ကျွန်တော်တို့ဝန်ကြီးဌာနမှာ ကဏ္ဍကြီးသုံးရပ်ရှိပါတယ်။ သစ်တောထိန်းသိမ်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနဲ့ သတ္တုတူးဖော်ရောင်းချရေးဆိုပြီးတော့ ကဏ္ဍကြီးသုံးရပ် ရှိပါတယ်။ သစ်တောနဲ့ပတ်သက်လို့ ထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုကတော့ တစ်နိုင်ငံလုံးကျွန်းနဲ့ သစ်မာထုတ်လုပ်မှုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ရပ်နားထားခဲ့ပါတယ်။ ဒါဟာလည်းပဲ သစ်တောတွေကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။
ခုတ်လဲခွင့်အရေအတွက်လျှော့
ကျွန်းနဲ့အင်မတန်အဖိုးတန်တဲ့ သစ်တွေပေါက်ရောက်တဲ့ ပဲခူးရိုးမကြီးကိုလည်း သစ်ထုတ်လုပ်မှု (၁၀) နှစ် ရပ်နားထားပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစလို့ ပြည်တွင်း သစ်လိုအပ်ချက်ပေါ်မူတည်ပြီး AAC လို့ခေါ်တဲ့ သတ်မှတ်နှစ်စဉ်ခုတ်လှဲခွင့်အရေအတွက်ထက် လျှော့ခုတ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလိုလျှော့ခုတ်ခြင်းအားဖြင့် သစ်တောသစ်ပင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
မြန်မာ့သစ်လုပ်ငန်းဌာနက အရင်တုန်းက လက်ခွဲကန်ထရိုက်စနစ်နဲ့ သစ်ထုတ်ပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီတွေကို ထုတ်လုပ်ခွင့်မပြုတော့ဘဲ မြန်မာ့သစ်လုပ်ငန်းကသာ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ပပို့ခွင့်ကို လုံးဝတားမြစ်
နောက်ထပ် ပြုပြင်ပြောင်းလဲမှုကတော့ သစ်တွေကို သစ်လုံး၊ သစ်ခွဲသားတွေကို ရောင်းချတဲ့နေရာမှာ ပြည်ပပို့ခွင့်ကို လုံးဝတားမြစ်ထားပါတယ်။ သိမ်းဆည်းရမိတဲ့ သစ်တွေကိုလည်း ပြည်ပပို့ခြင်းလုံးဝပတ်ပင်ထားပါတယ်။ ဒါဟာကိုယ့်ပြည်တွင်းမှာ ဖောဖောသီသီ သုံးစွဲနိုင်ဖို့ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းမှာ ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ဟိုအရင်တုန်းကတော့ ပုံစံအမျိုးမျိုးရှိပါတယ်။
၂၀၁၆-၂၀၁၇ ခုနှစ်ကစပြီး ပုံစံတစ်မျိုးပြောင်းထားတာကတော့ မြန်မာ့သစ်လုပ်ငန်း လည်း အကျိုးရှိဖို့၊ အကျိုးရှိဖို့၊ ရောင်းဝယ်သူတွေလည်း ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြည်တွင်းပြည်ပဝယ်ယူသူများနဲ့ တကယ့်သုံးစွဲသူများလည်း ထိရောက်စွာအကျိုးရှိဖို့အတွက် လွတ်လွတ်လပ်လပ်ဝယ်ယူနိုင်ဖို့အတွက် သစ်များကို အိတ်ဖွင်တင်ဒါစနစ်နဲ့ ရောင်းချခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ထိုနည်းတူ သစ်တွေကို ခုတ်တဲ့နေရာမှာ ချိန်းဆောလို့ခေါ်တဲ့ လက်ကိုင်စက်လွှတွေ အင်မတန်ကိုပေါများနေပါတယ်။ ဒါကြောင့်မို့ အခုအခါမှာ လက်ကိုင်စက်လွှများကို ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ကန့်သတ်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုဟာ ဘယ်လောက်အတိုင်းအတာရှိနေပါလဲ။ သစ်တောပြုန်းတီးမှုလျော့ပါးစေရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်း သိချင်ပါတယ်။
ဖြေ။ ။၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ တိုင်းတာချက်အရ မြန်မာတစ်ပြည်လုံးရဲ့ သစ်တောဧရိယာဖုံးလွှမ်းမှုဟာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ အကြောင်းအားလျော်စွာ ကုန်ခမ်းသွားတဲ့နေရာတွေ၊ ကွက်လပ်တွေကို ပြန်လည်ပြီး စိုက်ပျိုးဖို့ ၂၀၁၇-၂၀၁၈ ခုနှစ်ကနေ၂၀၂၆-၂၀၂၇ ခုနှစ်ထိ ၁၀ နှစ် စီမံကိန်းချပြီးတော့ ဆောင်ရွက်ထားပါတယ်။ ဒါဟာလည်း သစ်တောကဏ္ဍအတွက် အင်မတန်ထင်ရှားတဲ့ ပြောင်းလဲမှုကြီးဖြစ်ပါတယ်။
မေး။ ။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဝန်ကြီးဌာနအောက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိပါတယ်။ အဲဒီဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အဓိကဆောင်ရွက်နေတဲ့ ဌာနကြီး တစ်ခုဖြစ်ပါတယ်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျင် အဓိကမဏ္ဍိုင်ကြီး သုံးရပ်ရှိပါတယ်။ လူမှုရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်ဟာ အင်မတန်အရေးကြီးပါတယ်။
အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ
ကျွန်တော်တို့မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတယ်။ မြို့ပြတွေ ချဲ့ထွန်လာတယ်။ စီးပွားရေးလုပ်ငန်းတွေချဲ့ထွန်လာပြီး လူဦးရေလည်း တိုးပွားလာပါတယ်။ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုလည်း များပြားလာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများပြာလာတာတွေကို ၁၉၉၄ ခုနှစ်မှာ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒဆိုပြီး ရေးဆွဲပါတယ်။
ဒီမူဝါဒဟာ အခုရှိတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်ပြီး အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒကို အချောသတ်ရေးဆွဲလျက် ရှိပါတယ်။ ဒီလိုရေးဆွဲရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ ပြည်သူအားလုံးဟာလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ကျန်းမာပျော်ရွှင်ဖို့ အတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့ခိုင်မြဲတဲ့ဂေဟစနစ်ကို ပိုင်ဆိုင်ဖို့ဖြစ်ပါတယ်။ ဒါမှသာ လူသားအပါအဝင် အားလုံးသောသတ္တဝါများဟာ အရှည်တည်တံ့ဖွံဖြိုး ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်နေ ပါတယ်။ အဲဒီဖောက်ပြန်ပြောင်းလဲမှုက လူတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ရာသီဥတုဒဏ်လည်း လျော့ပါးနိုင်ဖို့ အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာလုပ်ငန်းစဉ်တွေကို အပြီးသတ်မူကြမ်း ရေးဆွဲခဲ့ပြီးပါပြီ။ သို့သော်လည်း အဲဒီကဆက်ပြီး လမ်းညွှန်မူဝါဒအဖြစ် မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒကိုလည်း ဆက်လက်ရေးဆွဲလျက်ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုဒဏ်
ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် စီးပွားရေးလုပ်ငန်းတွေ၊ နောက်တစ်ခါ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မဖြစ်စေဘဲရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် အမျိုးသားအဆင့်အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မူဘောင်ရေးဆွဲနေပါတယ်။ မဟာဗျူဟာ အပြီးသတ်ရေးဆွဲနိုင်ဖို့အတွက်လည်း ပြည်တွင်းပြည်ပ ပညာရှင်တွေ ပူးပေါင်းပြီးတော့ရေးဆွဲလျက်ရှိပါတယ်။ ဒါဟာ အင်မတန် အရေးကြီးတဲ့ လုပ်ငန်းကြီးတစ်ရပ် ဖြစ်ပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒနဲ့ မဟာဗျူဟာမူဘောင် တွေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဗဟိုအဆင့်အဖွဲ့အစည်း ရှိပါတယ်။ ဒါက ဒုတိယသမ္မတ(၁) နာယကအဖြစ် ဦးဆောင်ပြီးတော့ ဗဟိုကော်မတီနဲ့ သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာလည်း အမြဲတမ်းအတွင်းဝန် ခြောက်ဦးကို မိမိတို့ရဲ့ကဏ္ဍအလျောက် ဦးဆောင်တဲ့ လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အထိ ကြီးကြပ်မှုကော်မတီနဲ့ လုပ်ငန်းအဖွဲ့အစည်းများကို တိုးမြှင့်ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အောက်ခြေအထိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုတဲ့နေရာမှာ ကဏ္ဍအားလုံးဟာ ဆက်စပ် ပြီးပါဝင်နေပါတယ်။ ဒါ့ကြောင့်မို့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေရှိပါတယ်။ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိကတွေ၊ CSO တွေ၊ ပညာရှင်တွေ ပါဝင်ပတ်သက်သူတွေရှိပါတယ်။ ဒါတွေအားလုံး စုစုရုံးရုံးနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်မှသာလျှင် ဒီလုပ်ငန်းကြီး အောင်မြင်မှာဖြစ်ပါတယ်။
မေး။ ။ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ အတည်ပြုပြဋ္ဌာန်းပြီးပြီလို့ သိရပါတယ်။ မြန်မာ့သတ္တုတွင်း နည်းဥပဒေဆက်လက်အတည်ပြုထုတ် ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်။
အဖိုးတန်သတ္တုများ
ဖြေ။ ။ သတ္တုကဏ္ဍဟာ မြန်မာပြည်မှာ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါတယ်။ ကမ္ဘာမှာ အင်မတန်ရှားပါးပြီးတော့ မရှိတဲ့အဖိုးတန်သတ္တုများ ကျွန်တော်တို့ တိုင်းပြည်မှာ အများကြီးတွေ့ရှိရ ပါတယ်။ ဒီသတ္တုတွေတူးဖော်တဲ့နေရာမှာ စည်းကမ်းတကျရှိစေဖို့အတွက် ဥပဒေတွေ ရှေးကတည်းက ရေးဆွဲထားပါတယ်။ အခု ခေတ်စနစ်နဲ့အညီ ဥပဒေတွေကို ပြန်လည်ရေးဆွဲတာရှိပါတယ်။ အဲ့ဒီလို ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။
ဒီဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် နည်းဥပဒေကို ကျွမ်းကျင်တဲ့ ဥပဒေပညာ ရှင်များနဲ့တိုင်ပင်ပြီး ရေးဆွဲခဲ့ပါတယ်။ ဒီနည်းဥပဒေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပါတယ်။ ရှေ့နေချုပ်ရုံးက စိစစ်ပြီးရင် နိုင်ငံတော်အစိုးရအဖွဲ့ ရုံးကို တင်ပြပြီးတော့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မကြာခင်ကုန်ခန်း
မေး။ ။ မြန်မာနိုင်ငံ သတ္တုသယံဇာတကဏ္ဍ တိုးတက်မြင့်မားရေးအတွက် သတ္တု တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု (EITI) ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းပြပေး စေလိုပါတယ်။
ဖြေ။ ။ တွင်းထွက်သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ ပွင့်လင်းမြင်သာမှုမရှိရင်လည်း တွင်းထွက်သယံဇာတ များဟာ မကြာမီကုန်ခန်းသွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ (EITI) ကဏ္ဍကို ၂၀၁၂ ခုနှစ်ကစတင်ပြီး တော့ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်လောင်းနိုင်ငံ (Candidate Country) ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါမှာ ပထမဦးဆုံး အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတကာ EITI Board ကိုတင်ပြနိုင်ခဲ့ပါတယ်။
အဲ့ဒီမှာတင်ပြပြီးတော့ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်မှာ အစိုးရအဖွဲ့ရယ်၊ ပုဂ္ဂလိကရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေရယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ထိုနည်းတူ (EITI) လုပ်ငန်းတွေကို ပိုမိုလျင်မြင်ဖို့အတွက် လုပ်ငန်းဖော်ဆောင်မှု ကော်မတီအဖွဲ့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ၂၈ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ (EITI) ရဲ့ ဒုတိယအကြိမ်အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ်လမှာ နိုင်ငံတကာ EITI Board ကို တင်ပြနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
သုံးပြီးရင်ကုန်
မေး။ ။ သစ်တောကဏ္ဍနဲ့ သတ္တုကဏ္ဍရဲ့ အဓိကခြားနားမှုနဲ့ ဓာတ်သတ္တုနှင့် ကျောက်မျက် ရတနာတွေကို ရေရှည်အကျိုးခံစားခွင့်ရရှိစေဖို့အတွက် စီမံဆောင်ရွက်ထားမှုများ ကို ပြောပြပေးပါဦး ရှင့်။
ဖြေ။ ။ သစ်တောကဏ္ဍနဲ့ သတ္တုကဏ္ဍရဲ့ အဓိကခြားနားမှုကိုတင်ပြရရင် သစ်တော သစ်ပင် ဆိုတာပြန်လည်သုံးစွဲလို့ရပါတယ်။ Renewable Energy လို့ခေါ်ပါတယ်။ သတ္တုကျတော့ Non Renewable Resources ဖြစ်နေပါတယ်။ ပြန်လည်ဖွံ့ဖြိုးမှုမရှိပါဘူး။ သုံးပြီးရင် ကုန်ပါတယ်။ ဒါ့ကြောင့်မို့ သတ္တုကို ရေရှည်သုံးနိုင်ဖို့အတွက် ပစ္စုပ္ပန်ရော အနာဂတ်မှာ ရောက်ရှိလာမယ့် မျိုးဆက်သစ်များအတွက် အရန်သတ္တုသိုက်တွေ ချန်ထားဖို့အတွက် စီစဉ်ပြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ကျောက်မီးသွေးနဲ့ပတ်သက်ပြီး ဧကပေါင်း ၁၁၆၀၀၀၀ ကျော်ချန်ထားပါတယ်။ ထို့အတူ ဂရက်ဖိုက် ကိုလည်း မန္တလေးတိုင်းဒေသကြီးမှာ ဧကပေါင်း ၁၁၀၀၀ ကျော်ချန်ထားပါတယ်။ သံသတ္တုသိုက် ကိုလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းဘုရားတောင်ဒေသမှာ ဧကပေါင်း ၁၁၈၇၀၀၀ ကျော် အရန်သတ္တုသိုက်တွေအဖြစ် ချန်ထားခဲ့မှာဖြစ်ပါတယ်။
သတ္တုတွေတူးဖော်တဲ့နေရာမှာ ၂၀၁၆-၂၀၁၇ အစိုးရသစ်လက်ထက်ကစပြီးတော့ EMP လို့ခေါ်တဲ့ Environmental Management Plan ကိုရေးဆွဲထားပါတယ်။ ရေးဆွဲပြီး အတည်ပြုပြီး ကာမှဆက်လက် သတ္တုတူးဖော်ခွင့်ပေးတာဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင် တူးဖော်ခွင့်ကို ရပ်ထား ပါတယ်။ တူးဖော်တာကိုလည်း အကန့်အသတ်နဲ့ ခိုင်းနေပါတယ်။ ၂၀၁၆ ခုနှစ် မတ် ၁ ရက်ကစပြီး အကန့်အသတ်နဲ့ တူးဖော်ဖို့ဆုံးဖြတ်ပြီးတော့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်ကစပြီးတော့ လုံးဝ နောက်ထပ်သတ္တုကွက်အသစ်ပေးခြင်းမလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါဟာလည်း အနာဂတ်မှာရှိ မယ့် ပြည်သူပြည်သားများအတွက် ဖြစ်ပါတယ်။
မေး။ ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး အတွက် ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်များ ရှိပါသလားရှင့်။
ဖြေ။ ။ သစ်တောကဏ္ဍနဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ်မှာ FAO က သစ်တောသယံဇာတတွေ သုံးသပ်အကဲဖြတ်တဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာသစ်တောသယံဇာတ တတိယအပျက်အစီးဆုံးနိုင်ငံလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သစ်တောတွေကို ပြန်လည်ထူထောင်ဖို့အတွက် သစ်တောစိုက်ခင်းများ စိုက်ပျိုးဖို့ ဆောင်ရွက်နေပါတယ်။ ဒီအတိုင်း ကျန်ရှိတဲ့ သဘာဝသစ်တောများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက်တွေချပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံခြားမှတင်သွင်း
နောက်တစ်ခုက သစ်တောတွေကို သစ်ခုတ်မှု ယာယီတစ်နှစ်ပိတ်ခြင်းအားဖြင့် သစ်ကုန်ကြမ်းအခက်အခဲတွေရှိနိုင်မယ်လို့ ဝေဖန်ကြပါတယ်။ အဲ့ဒီလိုမဖြစ်နိုင်အောင် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ လိုအပ်တဲ့ သစ်ကုန်ကြမ်းတွေကို နိုင်ငံခြားကနေ သွင်းနိုင် ပါတယ်။ အဲ့ဒီလိုသွင်းနိုင် အောင်လည်း အကောက်အခွန်ဌာနနဲ့ ကုန်သွယ်ခွန်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပြီးတော့ အခွန်တွေဆက်လက်လျှော့ချပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
သစ်တောသယံဇာတပေါများတဲ့အတွက် အရင်ကတည်းက သစ်လုံးတွေရောင်းချခဲ့ပါ တယ်။ သစ်လုံးရောင်းချတာတွေက ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကတည်းက ပိတ်ထားပါတယ်။ သို့သော် လည်း အစိုးရသစ်လက်ထက်မှာ သစ်လုံးတင်မဟုတ်ဘဲ ခွဲသားများကို တင်ပို့တဲ့နေရာမှာ အကန့်အသတ်နဲ့တင်ပို့ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် တန်ဖိုးမြင့် အချောထည် များကို များများထုတ်လုပ်နိုင်ပြီးတော့ ရောင်းချသူများအတွက် ပိုမိုစီးပွားဖြစ်ပြီး နိုင်ငံအတွက်လည်း ပိုမိုအကျိုးရှိစေမှာဖြစ်ပါတယ်။
သစ်တောထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အင်မတန်အရေးကြီးတဲ့အတွက်ကြောင့် ၁၀ နှစ်စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကနေ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွန်တော်တို့ဌာနတစ်ခုတည်း ဆောင်ရွက်လို့ မရပါဘူး။ ကဏ္ဍအားလုံးနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူပြည်သားတွေ၊ ပညာရှင်တွေအကုန်လုံးပူးပေါင်းပြီး ဆောင်ရွက် မှာသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။ ကျောက်မျက် နဲ့ သတ္တုကဏ္ဍမှာ သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေးအတွက်လည်း အကန့်အသတ်နဲ့ တူးဖော် ထုတ်လုပ်နိုင်ရေးကို ဦးတည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။