သိလိုသမျှ

  • မေး-၁။ ပရိဘောဂနှင့် အခြားသစ်အခြေခံထုတ်ကုန်များကို ပြည်သူများအနေဖြင့် မည်သို့ ဝယ်ယူနိုင်ပါသနည်း။
  • ဖြေ-၁။ သစ်အခြေခံစက်မှုလုပ်ငန်းဌာနတွင် ပရိဘောဂများကို အမှတ် (၁)ပရိဘောဂ စက်ရုံ (အလုံ)မှ ထုတ်လုပ်ပါသည်။ အဓိကအားဖြင့် ရုံးသုံး၊ ကျောင်းသုံး ပရိဘောဂများဖြစ်ပြီး အစိုးရဌာနများနှင့် ကျောင်းများသို့ အမှာစာအရ ရောင်းချပေးပါသည်။ ပရိဘောဂများမှ ပုံသေဒီဇိုင်းများဖြစ်ပြီး သီးခြား ဒီဇိုင်းကို မှာကြားလိုပါက ကိစ္စရပ်အလိုက် ညှိနှိုင်းဆောင်ရွက် ပေးပါသည်။ အိမ်သုံးပရိဘောဂများကို ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက ဝန်ကြီးဌာနသို့ လျှောက်ထား၍ဖြစ်စေ၊ ပရိဘောဂပြပွဲများတွင် တိုက်ရိုက်ဖြစ်စေ၊ အမှာစာပေး၍ဖြစ်စေ မှာကြား ဝယ်ယူနိုင်ပါသည်။ ပရိဘောဂ ပြပွဲများကို နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလများတွင် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ ဦးစီးကျင်းပလျက် ရှိပါသည်။ အခြားသစ် အခြေခံ ထုတ်ကုန်များအတွက်လည်း အလားတူဖြစ်ပါသည်။

 

  • မေး-၂။ ပုဂ္ဂလိကကုမ္ပဏီ သို့မဟုတ် ပုဂ္ဂုလ်တစ်ဦးသည် မြန်မာ့သစ်လုပ်ငန်းမှ သစ်အခြေခံထုတ်ကုန်များကို ပြည်ပတင်ပို့ရန် ဝယ်ယူနိုင်ပါသလား။
  • ဖြေ-၂။ မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ စက်ရုံများမှ ထုတ်လုပ်သော ပရိဘောဂများမှ ပြည်တွင်းသုံး အဓိကဖြစ်ပါသည်။ အခြားသစ်အခြေခံ ထုတ်ကုန်များနှင့် ပတ်သက်၍ ယင်းပစ္စည်းများကို စက်ရုံအလိုက် ကုန်ထုတ်လုပ်မှု အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်ဖြင့် သဘောတူစာချုပ်အရ ထုတ်လုပ်မှု၏ ၉၀%ကို ပူးပေါင်းကုမ္ပဏီသို့ ရောင်း ချပေးပြီး ကျန် ၁၀% ကိုသာ အစိုးရစီမံကိန်းလိုအပ်ချက်များ ဖြည့်ဆည်းရန် မြန်မာ့သစ်လုပ်ငန်းမှ ရယူပါသည်။ ထို့ကြောင့် ယင်းကုန်ပစ္စည်းများကို အများအပြား ဝယ်ယူရေး ကိစ္စအတွက် သက်ဆိုင်ရာ ပူးပေါင်းကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုနိုင်ရန် ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
  • မေး-၁။ တရားဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ သယ်ဆောင်လိုပါက မည်သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁။ တရားဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများကို မြို့နယ်ကျော် သယ်ယူလိုပါက သက်ဆိုင်ရာ မြို့နယ်သစ်တောအရာရှိထံ သယ်ယူခွင့် လျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ သယ်ဆောင်ရမည် ဖြစ်ပါသည်။ ယင်းသို့ သယ်ဆောင်ရာတွင် သယ်ယူခွင့်မျောစာကို တပါတည်း ယူဆောင်ရမည်ဖြစ်ပြီး လမ်းခရီးရှိ သစ်တောကင်းရုံးများ၏ စစ်ဆေးခြင်းနှင့် အခွန်အခ စည်းကြပ်ခြင်းကို ခံယူရမည်ဖြစ်ပါသည်။

 

  • မေး-၂။ အိမ်ခြံမြေအတွင်း၊ ဥယျာဉ်ခြံအတွင်းနှင့် လယ်ဦးလယ်ထိပ်များတွင် ရတနာတန်းဝင်ကျွန်းပင်များ စိုက်ပျိုးပါက စိုက်ပျိုးသူများ ပိုင်ဆိုင်ခွင့်အနေဖြင့် မည်သို့ရှိသနည်း။
  • ဖြေ-၂။ ရတနာတန်းဝင်ကျွန်းပင်များ စိုက်ပျိုးခြင်းကို ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ မိမိအိမ်ခြံအတွင်း၊ ဥယျာဉ်ခြံအတွင်းနှင့် လယ်ဦးလယ်ထိပ်များတွင် စိုက်ပျိုးထားပါက စိုက်ပျိုးသူများ ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနရုံးများတွင် မှတ်ပုံတင် စာရင်းသွင်းထားရမည်ဖြစ်ပါသည်။

  • မေး-၃။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခွင့်ကို ကုမ္ပဏီ/လုပ်ငန်းရှင် တစ်ဦးမှ တစ်ကြိမ်လျင် ဧရိယာမည်မျှ လျှောက်ထားခွင့် ရှိပါသလဲ။
  • ဖြေ-၃။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်လိုသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်တစ်ဦးအတွက် တစ်ကြိမ်လျင် ကျွန်းစိုက်ခင်း (၅၀၀)ဧက၊ သစ်မာမျိုးစုံစိုက်ခင်း (၁၀၀)ဧကနှင့် ဆီအုန်း၊ ရော်ဘာ၊ စက်မှုကုန်ကြမ်းသီးနှံများ (၂၀၀) ဧက အသီးသီး စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။

 

  • မေး-၄။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့်ပြုသည့် သစ်တောမြေများအတွက် မြေပိုင်ဆိုင်ခွင့် ဂရမ်ထုတ်ပေးပါသလား။
  • ဖြေ-၄။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့်ပြုသည့် သစ်တောမြေများအတွက် မြေပိုင်ဆိုင်ခွင့် ဂရမ်များထုတ်ပေးခြင်းမရှိပါ။ နှစ်စဉ် မြေငှားရမ်းခ ပေးသွင်းစေသည့် စနစ်ဖြင့် မြေငှားရမ်းအသုံးပြုခွင့်ပေးခြင်းဖြစ်ပါသည်။

 

  • မေး-၅။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခြင်းအတွက် နှစ်စဉ်ပေးသွင်းရမည့် မြေငှားရမ်းခများကို သိလိုပါသည်။
  • ဖြေ-၅။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် နှစ်စဉ်မြေငှားရမ်းခ ပေးသွင်းရမည့် နှုန်းထားများမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ ကျွန်းစိုက်ပျိုးခြင်းအတွက် တစ်ဧကလျင် (၂၀၀)ကျပ်၊ ရော်ဘာစိုက်ခင်းအတွက် တစ်နှစ်မှ (၇)နှစ်အထိ တစ်ဧကလျင် (၅၀၀)ကျပ်နှင့် (၈)နှစ်မှ ခွင့်ပြုကာလကုန်ဆုံးသည်အထိ တစ်ဧကလျင် (၁၀၀၀)ကျပ်၊ ဆီအုန်းစိုက်ခင်းအတွက် (၁)နှစ်မှ(၅)နှစ်အထိ တစ်ဧကလျင် (၅၀၀)ကျပ်၊ (၆)နှစ်မှ ခွင့်ပြုကာလကုန်ဆုံးသည်အထိ တစ်ဧကလျင်(၁၀၀၀)ကျပ်၊ စက်မှုကုန်ကြမ်းစိုက်ခင်း (ပီလောပီနံ၊ ကြံ)အတွက် တစ်ဧကလျင် (၁၀၀၀)ကျပ် အသီးသီးဖြစ်ပါသည်။ အဆိုပါနှုန်းထားများမှာ အချိန်ကာလအလိုက် ပြောင်းလဲမှုရှိနိုင်ပါသည်။

 

  • မေး-၆။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် မြေငှားရမ်းခြင်းကို နှစ်ပေါင်းမည်မျှ ခွင့်ပြုနိုင်ပါသလဲ။
  • ဖြေ-၆။ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းအတွက် သစ်တောမြေများ ငှားရမ်းခြင်းကို နှစ်ပေါင်း(၃၀) အထိ ခွင့်ပြုနိုင်ပါသည်။

 

  • မေး-၇။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို သိလိုပါသည်။
  • ဖြေ-၇။ ပုဂ္ဂလိကကျွန်းစိုက်ခင်း စိုက်ပျိုးတည်ထောင်ခွင့်လျှောက်ထားရာတွင် တည်ထောင်လိုသည့် လုပ်ငန်းရှင်/ကုမ္ပဏီအဖွဲ့အစည်းမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့  အဆိုပြုတင်ပြခြင်း၊ စီမံချက်ရေးဆွဲတင်ပြခြင်း၊ စီမံချက်ကို သဘောတူပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ စာချုပ်မူကြမ်းအပေါ် သဘောထားမှတ်ချက်ရယူရန်တင်ပြခြင်း၊ ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့်အတူ အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရန် ဆောင်ရွက်ခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ပြီးနောက် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက် ထုတ်ပြန်ခြင်း၊ သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရ ပါမည်။

 

  • မေး-၈။ ပုဂ္ဂလိကသစ်တောစိုက်ခင်းတည်ထောင်ခွင့် လျှောက်ထားရာတွင်မည်သည့် အချက်အလက် များပါဝင်ရမည်လဲ။
  • ဖြေ-၈။ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခွင့်လျှောက်လွှာတွင် တည်ထောင်မည့် စိုက်ခင်းအမျိုးအစား၊ စိုက်ပျိုးလိုသည့်သစ်မျိုး၊ အဆိုပြုစိုက်ခင်း တည်နေရာ၊ အဆိုပြု ဧရိယာ (ဧက)၊ အဆိုပြုစိုက်ခင်း တည်နေရာပြမြေပုံ( ၁လက်မ= ၁ မိုင်စကေး) တို့ပါဝင်ရမည့်အပြင် လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ငွေကြေးခိုင်မာမှု အထောက်အထား ( Bank Statement) တို့လည်း ပါဝင်ရပါမည်။

 

  • မေး-၉။ ပုဂ္ဂလိကကျွန်းစိုက်ခင်း လုပ်ကိုင်ခွင့်ရသူမှ လိုက်နာရမည့် စည်းကမ်းချက်များနှင့် အခွင့်အရေးများကို သိရှိလိုပါသည်။
  • ဖြေ-၉။ ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် အခွင့်အရေးများမှာ−

(က) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် သတ်မှတ်ထားသည့် နှစ်ကာလအတွင်း   ဧရိယာအားလုံး သို့မဟုတ် သစ်တောဦးစီးဌာနက ကင်းလွတ်ခွင့်ပြုသည့် ဧရိယာမှအပ ကျန်မြေဧရိယာအားလုံး အပြည့်အဝစိုက်ပျိုးပြီးဖြစ်ရမည်။

(ခ) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် ကျွန်းစိုက်ခင်းကို အနှောက်အယှက် မပြုသည့် တောင်ယာသီးနှံ/သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry) လုပ်ငန်းမှအပ အခြားလုပ်ငန်းကိုခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ။

(ဂ) လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် လုပ်ကိုင်မည့်လုပ်ငန်းအစီအစဉ်များကို ကြိုတင်ရေးဆွဲပြီး သစ်တောဦးစီးဌာနက အတည်ပြု ထားသည့် စီမံချက်ပါအတိုင်း သတ်မှတ်ထားသော အချိန်ကာလများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရမည်။ လုပ်ငန်း အစီအစဉ်အတိုင်း ခိုင်လုံသောအကြောင်းမရှိဘဲ ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆရန် အထောက်အထားများ ခိုင်လုံပါက အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ကို ပြန်လည်ရုတ်သိမ်းခြင်း ခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှုအတွက် ထိုက်သင့်သော လျော်ကြေးငွေကို ပေးဆောင်ရမည်။

(ဃ) လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်းပေါက်ရောက်နေသည့် ကျွန်းနှင့် တားမြစ်သစ်ပင်များကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးဖျက်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီးသို့မဟုတ် အခြားနည်းဖြင့် ပျက်စီးစေခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူ ရွှေ့ပြောင်း ခြင်းနှင့် လက်ဝယ်ထားခြင်းမပြုရ။

(င) လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်း မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သီးခြားခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းမပြုရ။

(စ) လုပ်ကိုင်ခွင့်ရရှိသည့် သက်တမ်းအတွင်း လုပ်ကိုင်ခွင့်ရရှိသူကွယ်လွန်လျင် ၎င်း၏အမွေဆက်ခံခွင့်ရရှိသူက ခိုင်လုံသော အထောက်အထားများတင်ပြ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ရှိသည်။

(ဆ) လုပ်ကိုင်ခွင့်ပြုထားသည့် မြေအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း မပြုရ။

(ဇ) ကျွန်းစိုက်ခင်းတည်ထောင်ရာတွင် မျိုးကောင်းမျိုးသန့်အပင်များမှ ခန္ဓာပိုင်း မျိုးပွားနည်း(Vegetative Propagation) ဖြင့် ထုတ်လုပ်ထားသည့် ပျိုးပင်များကို အတတ်နိုင်ဆုံးအသုံးပြုရမည့်အပြင် ရေရှည်တွင် ကျွန်းမျိုးသန့်ဥယျာဉ် (Seed Orchard) တည်ထောင်ရမည်။ ထို့အပြင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ (Research and Development) ကိုဆောင်ရွက်ရမည်။

(ည) သစ်တောစိုက်ခင်းလုပ်သားများ၏ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး လုပ်ငန်းများစီစဉ်ဆောင်ရွက်ပေးရမည်။

(ဋ) ကျွန်းစိုက်ခင်းမှတ်တမ်းစာအုပ်ထားရှိ၍ လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်မှန်ကန်စွာဖြည့်စွက်ထားရှိရမည်။ အငှားချထားသူမှ တာဝန်ရှိသူများ အခါအားလျော်စွာ လာရောက်ကြည့်ရှုစစ်ဆေး၍  အကြံပြုချက်များ၊ မှတ်ချက်များ ရေးသားပါက ယင်းအကြံပြုချက်များ၊ မှတ်ချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည်။

(ဌ) မြေငှားရမ်းခအဖြစ် တစ်ဧကအတွက် တစ်နှစ်လျင် ၂ဝဝိ/- (နှစ်ရာကျပ်တိတိ) နှုန်းဖြင့် လုပ်ငန်းစတင်ရမည့် နေ့ရက်မတိုင်မီနှင့် နောက်နှစ်များတွင် ဆက်လက် လုပ်ကိုင်မည့်နှစ်အတွက် ပထမဆုံးနေ့ရက်မတိုင်မီ အငှားချထားသူသို့ နှစ်စဉ် ပေးသွင်းရမည်။

(ဍ) ကျွန်းစိုက်ခင်းတွင်ပင်ကျပ်နုတ်ခြင်းနှင့် နောက်ဆုံးတောထွက်(Final Yield) ထုတ်လုပ်ခြင်းလုပ်ငန်းများကို အငှားချထားသူ၏ ခွင့်ပြုချက်ရယူပြီး ကျွန်းစိုက်ခင်း တည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များ နှင့်အညီ ဆောင်ရွက်ရမည်။

(ဎ) ကျွန်းစိုက်ခင်းမှ ပင်ကျပ်နုတ်ခြင်းနှင့် နောက်ဆုံးတောထွက် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အငှားချထားသူမှ သတ်မှတ်ထားသည့် တံဆိပ် အမှတ်အသားများ ရိုက်မှတ်ပြီးမှ ခုတ်လှဲခြင်းနှင့် ထုတ်ယူခြင်းပြုရမည်။

(ဏ) ကျွန်းစိုက်ခင်းမှ ထုတ်လုပ်ထွက်ရှိသည့် ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ် များကို စိုက်ခင်းဧရိယာအတွင်း၌ အငှားချထားသူက အကောက်တံဆိပ် ရိုက်မှတ်ပြီးသည့်အခါ သတ်မှတ်စည်းကြပ်သည့် အခွန်ငွေကို ပေးဆောင်ရမည်။

(တ) သတ်မှတ်စည်းကြပ်သည့်အခွန်ငွေပေးဆောင်ပြီးဖြစ်သော ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် အငှားချထားသူ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်တွင်း၊ ပြည်ပသို့ ရောင်းချနိုင်သည်။

(ထ) ကျွန်းစိုက်ခင်းတွင်ပင်ကျပ်နုတ်ခြင်းမှ ကြားတောထွက်(Intermediate Yield)အဖြစ်ထုတ်လုပ်ထွက်ရှိသည့် ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို အငှားချထား ခြင်းခံရသူမှ ရယူခံစားခွင့်ရှိပြီး နောက်ဆုံးတောထွက်အဖြစ် ထုတ်လုပ်ထွက်ရှိသည့် ကျွန်းသစ်များကို ပြည်တွင်း၊ ပြည်ပသို့ ရောင်းချသည့် အခါ စုစုပေါင်းရရှိသည့် တန်ဖိုး၏ ၁၀% ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ပေးအပ်ရမည်။

(ဒ) လုပ်ကိုင်ခွင့်ပြုသောမြေအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေ နှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ သိမ်းယူသည့်အချိန်ကာလအထိ စိုက်ခင်းတည်ထောင်ဆောင်ရွက်ခဲ့သည့် မူလစီမံချက်ပါ ကုန်ကျစရိတ်အပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ စိစစ်အတည်ပြုသည့် တန်ဖိုးငွေအား ရထိုက်ခွင့်ရှိသည်။ ထိုသို့ သိမ်းယူသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ညွှန်ကြားသည့်အတိုင်း ပြန်လည်အပ်နှံရမည်။

(ဓ) လုပ်ကိုင်ခွင့်ရရှိသည့် မြေပေါ်တွင် ကျွန်းစိုက်ခင်းစိုက်ပျိုးပြီး (၈) နှစ် ပြည့်ပြီးသည့်အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရောင်းချခွင့်ရှိသည်။

(န) အထက်ဖော်ပြပါစည်းကမ်းချက်အပိုဒ်တစ်ခုခုကို ပြင်ဆင်လိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာ၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်ခွင့်ရှိ သည်။

  • မေး-၁၀။ မြန်မာ့သစ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မည်ဆိုပါက မည့်ကဲသို့ ဆက်သွယ်ရမည်နည်း။
  • ဖြေ-၁၀။ မြန်မာ့သစ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုပါက ဆက်သွယ်ရမည့် လိပ်စာများ-

ဦးဆောင်ညွှန်ကြားရေးမှူးရုံး       Office:    528789, 528883         Fax :       528731

အထွေထွေမန်နေဂျာ (စီမံကိန်း)ရုံး Office:    250050, 252440         Fax :       254288

One Stop Service                   Office:    09 31577361              Fax :       657932

  • မေး-၁၁။ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်၍ မည်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်နည်း။
  • ဖြေ-၁၁။ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်၍ ကျွန်းနှင့်သစ်မာများကို အသုံးပြု၍ သစ်အခြေခံတန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

 

  • မေး-၁၂။ ပြည်ပတင်ပို့ရန်အတွက် သစ်လုံးကုန်ကြမ်းများ မည်ကဲ့သို့ ဝယ်ယူရရှိနိုင်ပါသနည်း။
  • ဖြေ-၁၂။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ ကြို့ကုန်း (တော်ဝင်ခန်းမ) တွင် လစဉ်ကျင်းပပြုလုပ်သော (1) Tender (2) Open Tender (3) Special Open Tender တို့တွင် ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင်ပါသည်။ လပ်ပုံအလိုက် အမြင့်ဆုံးဈေး ပေးသူကို ထိုတင်ဒါခန်းမ၌ပင် တပြိုင်တည်း ပွင့်လင်းမြင်သာစွာ ကြေညာရောင်းချ ပေးပါသည်။

 

  • မေး-၁၃။ ပြည်တွင်းစက်ရုံများ ကုန်ကြမ်းမည်ကဲ့သို့ ဝယ်ယူရရှိနိုင်ပါသနည်း။
  • ဖြေ-၁၃။ အောက်ပါနည်းလမ်း (၅)သွယ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်-

(၁) မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)၌ လစဉ်ကျင်းပသော တင်ဒါနှင့် အိတ် ဖွင့်တင်ဒါများတွင် ကျွန်း/သစ်မာ သစ်လုံးနှင့် ခွဲသားများအား ဝင်ရောက်ယှဉ်ပြိုင် ဝယ်ယူနိုင် ပါသည်။

(၂) နယ်တွင် ပြည်ပရောင်းတန်မဝင် အင်/ကညင် သစ်လုံးများကို Open Tender (Ex-site) ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိရာ လွတ်လပ်စွာ ယှဉ်ပြိုင် ဝယ်ယူနိုင် ပါသည်။

(၃) ပြည်ပရောင်းတန်းဝင် ကျွန်း/သစ်မာသစ်လုံးများကိုလည်း FOB ဈေးဖြင့် ရွေးချယ်စွာယှဉ်ပြိုင် ဝယ်ယူနိုင်ပါသည်။

(၄) ရန်ကုန်/ နယ်သစ်ဆိပ်များရှိ လွတ်ကင်း လက်ကျန်သစ်လုံးများအား စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလိုပါက ဖြည့်ဆည်း ရောင်းချပေးပါ သည်။

(၅) ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁)ရက် နောက်ပိုင်း သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းပြီးပါက ထုတ်လုပ်ထွက်ရှိလာသော သစ်အားလုံးကို သစ်အခြေခံ စက်မှုလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းနှင့် ပြည်တွင်းသုံး သစ်အဖြစ်သာ ဖြည့်ဆည်းပေးသွားပါမည်။

 

  • မေး-၁၄။ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လိုပါက မည်ကဲ့သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁၄။ အောက်ဖော်ပြပါအချက်များ လိုအပ်ပါသည်-

(၁)   ကုမ္ပဏီမှတ်ပုံတင်နှင့် ထုတ်ကုန်သွင်းကုန်လိုင်စင်ရှိရပါမည်။

(၂)   ငွေကြေးခိုင်လုံမှု ဘဏ်အထောက်အထားရှိရပါမည်။

(၃)   သမာဓိအာမခံကြေး (Earnest Money) US$ 15000 ရှိရပါမည်။

 

  • မေး-၁၅။ မည်သည့်ငွေကြေးစနစ်ဖြင့် ရောင်းချပါသနည်း။
  • ဖြေ-၁၅။ အမေရိကန်ဒေါ်လာငွေကြေးစနစ်ဖြင့် ရောင်းချပါသည်။

 

  • မေး-၁၆။ လိုင်စင်လျောက်ထားရန် လိုအပ်ချက်များ သိလိုပါသည်။
  • ဖြေ-၁၆။

(၁)   မြန်မာ့သစ်လုပ်ငန်းနှင့် ချုပ်ဆိုထားသော စာချုပ်ဖြစ်ပြီး MTE Shipper ဖြစ်ရပါမည်။

(၂)   ပြည်ပနိုင်ငံများသို ပို့မည့်ဆိပ်ကမ်းမြို့ပါရှိရပါမည်။

(၃)   FOB စနစ်ဖြင့် ချုပ်ထားသော စာချုပ်ဖြစ်ရပါမည်။

(၄)   ပြည်ပကုမ္ပဏီအမည်ဖြစ်သော စာချုပ်ဖြစ်ရပါမည်။

(၅)   သက်တမ်းရှိသော စာချုပ်ဖြစ်ရပါမည်။

(၆)   အဆိုပါအချက်များပါသော စာချုပ်များဖြင့်သာ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနသို့ လိုင်စင်လျှောက်ထား နိုင်ပါသည်။

  • မေး-၁၇။ သစ်ဝယ်ယူသူများသည် ဘဏ်အာမခံ (Bank Guarantee) မည်သို့ထားရမည်နည်း။
  • ဖြေ-၁၇။ တင်ဒါ/အိတ်ဖွင့်တင်ဒါအတွက် ပြည်ပကုမ္ပဏီများမှ US$ 15000/- ပြည်တွင်း ကုမ္ပဏီများမှ US$ 15000/- ထားရှိရပါမည်။ တိုက်ရိုက်ရောင်း စာချုပ်များအတွက် ပြည်ပကုမ္ပဏီများမှ  US$ 10000/- ပြည်တွင်း ကုမ္ပဏီ များမှ US$ 5000/- ထားရှိရပါမည်။

 

  • မေး-၁၈။ သစ်ဖိုးငွေပေးသွင်းရာတွင် ငွေပေးသွင်းမှုနည်းလမ်းကို ဖော်ပြပါ။
  • ဖြေ-၁၈။ စင်္ကာပူနိုင်ငံရှိ UOB, OCBC, DBS ဘဏ်များမှ (MFTB) သို့ ကြေးနန်း ဖြင့် ငွေလွှဲပို့စနစ် (Tested Telex) ဖြင့် သစ်ဖိုးငွေ ပေးသွင်းရပါသည်။ PAA/LC စနစ်၊ (Payment Against Ready Acceptance Cargo) စနစ်ဖြင့် (MFTB) သို့ ငွေလဲစာတမ်း ဖွင့်လှစ်၍ ငွေပေးသွင်းနိုင်ပါသည်။

 

  • မေး-၁၉။ ဝယ်ယူပြီး သစ်များကို မည်သည့်အချိန်တွင် သင်္ဘောတင်ပို့နိုင်မည်နည်း။
  • ဖြေ-၁၉။ သစ်များကို (MFTB) သို့ သစ်ဖိုးငွေအပြည့်ပေးသွင်းပြီး စာချုပ်၊ ကုန်သွယ်ရေးလိုင်စင်၊ အတိုင်းစာရင်းများ တိုက်ဆိုင်၍ သင်္ဘာတင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

 

  • မေး-၂၀။ သစ်များသင်္ဘာတင်ပို့ပြီးပါက မည်သည့်စာရွက်စာတမ်းများ ထုတ်ပေးပါသလဲ။
  • ဖြေ-၂၀။ သစ်များ သင်္ဘောတင်ပို့ပြီးပါက ကုန်ရောင်းရှင်းတမ်း၊ ပင်ရင်းဒေသသက် သေခံလက်မှတ်၊ သင်္ဘောတင်တန်ဆာ (B/L) များ ထုတ်ပေးပါသည်။

 

  • မေး-၂၁။  ဝယ်ယူပြီး ခွဲသားများ နိုင်ငံခြားသို့ တင်ပို့ခြင်းအတွက် မည်သည့် စာရွက် စာတမ်းများ လိုအပ်ပါသလဲ။
  • ဖြေ-၂၁။  ဝယ်ယူပြီး ခွဲသားများအား နိုင်ငံခြားသို့တင်ပို့ရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်-

(၁)  Contract   -  မြန်မာ့သစ်လုပ်ငန်း နှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်၊

(၂)  ASI   -  Advance Shipment Information ငွေဝင်ပြီး ဖြစ်သဖြင့် သင်္ဘောတင်ရန် အကြောင်းကြားစာ၊

(၃)  Form B   -  အထွေထွေမန်နေဂျာ(ပြည်ပရောင်း)၏ တင်ပို့မှုခွင့်ပြု ချက်၊

(၄)  Export Licence    -    ပြည်ပတင်ပို့ခွင့် ထုတ်ကုန်လိုင်စင်

(၅)  ဝယ်ယူရရှိသည့် ပစ္စည်း၏ သစ်အတိုင်းစာရင်း၊

(၆)  ကုန်ပစ္စည်းလိုက်ပါမည့် သင်္ဘော၏ Booking Note

(၇)  စာရွက်စာတမ်းများစုံလင်ပါက Custom Pass လျှောက်ထားပေး ပါမည်။

FOB      -    စနစ်ဖြင့် ဝယ်ယူထားပါက သင်္ဘောပေါ်အရောက် (သင်္ဘောလက်ရမ်း ကျော်သည်အထိ) တာဝန်ယူ တင်ပို့ပေး ပါသည်။

Ex-site   -    စနစ်ဖြင့် ဝယ်ယူထားပါက ဝယ်ယူထားသူ ကိုယ်တိုင် တာဝန်ယူ တင်ပို့ရပါမည်။

  • မေး-၂၂။  ရန်ကုန်မြို့တွင် မည်သည့်ဆိပ်ကမ်းများတွင် တင်ပို့နိုင်သနည်း။
  • ဖြေ-၂၂။  ရန်ကုန်မြို့တွင် တင်ပို့နိုင်သည့် ဆိပ်ကမ်းများမှာ-

(၁)  Myanmar International Terminal Thilawa

(၂)  Myanmar Integrated Port Thilawa

(၃)  ဗိုလ်အောင်ကျော်ဆိပ်ကမ်း

(၄)  ဆူးလေဆိပ်ကမ်း

(၅)  Myanmar Industrial Port

(၆)  Asia World Port Terminal

(၇)  Heet Tan Port Terminal

  • မေး-၂၃။  ပြည်ပတင်ပို့ရန်အတွက် ဝယ်ယူနိုင်သည့် ကျွန်းခွဲသားများအတွက် ဆောင်ရွက်သည့် အစီအစဉ်အား သိလိုပါသည်။
  • ဖြေ-၂၃။  မြန်မာ့သစ်လုပ်ငန်း၏ အစီအစဉ်ဖြင့် လည်ပတ်နေသော သစ်စက်(၂) စက် ရှိပါသည်။

(က)  အမည်                           -    အမှတ် (၁) သစ်စက်နှင့် အမှတ် (၁၄) သစ်စက်

(ခ)   ထုတ်လုပ်မှုအစီအစဉ်        -    မြန်မာ့သစ်လုပ်ငန်း အစီအစဉ် ဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ လျက်ရှိပါသည်။

(ဂ)   ထုတ်လုပ်သည့်ကုန်ပစ္စည်း  -    ဒုသစ်၊ တိုင်သစ်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ သစ် ခွဲသားများ

(ဃ)  ရောင်းချသည့်နည်းစနစ်    -    အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်း ချ ပေးပါသည်။

(င)   ငွေပေးချေမှု                    -    နိုင်ငံခြားငွေ (အမေရိကန်) ဖြင့် ပေးချေရပါသည်။

(စ)   ဈေးနှုန်း                         -    သတ်မှတ် သစ်ခွဲသား ဈေးနှုန်း အား သစ်စက်ဌာနခွဲတွင် စုံစမ်း မေးမြန်း နိုင်ပါသည်။

 

  • မေး-၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် မည်သည့်လုပ်ငန်းများ လုပ်ဆောင်နေသနည်း။
  • ဖြေ-၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် (က)သစ်တောစိုက်ခင်းများတည်ထောင်ခြင်း() (ခ)သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း() (ဂ)ထင်းအစားအခြား လောင်စာတိုးမြှင့်အသုံးချရေးဆောင်ရွက်ခြင်း() (ဃ)ရေရရှိရေးအကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း() စသည့် အဓိကလုပ်ငန်းတာဝန်ကြီး(၄)ရပ်(စ.ထ.ထ.ရ)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

  • မေး-၂။ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ဆောင်ရာတွင် မည်သည့်လုပ်ငန်းများပါဝင်ပါသနည်း။
  • အဖြေ-၂။ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ဆောင်ရာတွင်

(က) ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်း၊

(ခ)နယ်နိမိတ်သတ်မှတ်ခြင်း၊

(ဂ) စခန်းတဲဆောက်လုပ်ခြင်း၊

(ဃ)တော စောင့်ခန့်ထားခြင်း၊

(င)ဆိုင်းဘုတ်ပြုလုပ်တပ်ဆင်ခြင်း၊

(စ)နမူနာစာရင်းကောက်ယူခြင်း

(ဆ)စစ်ဆေးလမ်းဖောက်လုပ်ခြင်း

(ဇ)မီးကာကွယ်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပါသည်။

 

  • မေး-၃။ ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် မည်သည့်လုပ်ငန်းများ ဆောင်ရွက်ပါသနည်း။
  • ဖြေ-၃။ ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်

(က)စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေခြင်း၊

(ခ)လောင်စာတုံး သုံးစွဲစေခြင်း၊

(ဂ)စိုက်ပျိုးစွန့်ပစ်ပစ္စည်း သုံးစွဲစေခြင်း၊

(ဃ)ထင်းအစားအခြားလောင်စာသုံးစံပြကျေးရွာ တည်ထောင်ခြင်း၊

(င)ထင်းအစား အခြားလောင်စာတိုးမြှင့်အသုံးချရေး တိုးချဲ့ပညာပေး ဟောပြောပွဲများကျင်းပခြင်း       စသည့်လုပ်ငန်းများ ဆောင်ရွက်ပါသည်။

 

  • မေး-၄။ အပူပိုင်းဒေသ ရေရရှိရေးဆောင်ရွက်ရာတွင် မည်သို့အကောင်အထည်ဖော်ဆောင်ပါသနည်း။
  • ဖြေ-၄။ အပူပိုင်းဒေသ ရေရရှိရေးဆောင်ရွက်ရာတွင်

(က)ရေကန်ငယ်တူးဖော်ခြင်း၊

(ခ)နုန်းတား ဆည်တည်ဆောက်ခြင်း၊

(ဂ)မြေအောက်ရေတူးဖော်ခြင်း၊

(ဃ)မိုးရေစုကန်တည် ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပါသည်။

 

  • မေး-၅။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ​စိုက်ခင်းမြေနေရာသတ်မှတ်တိုင်းတာခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • (အဖြေ-၅) ​သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် စိုက်ခင်းမြေနေရာ သတ်မှတ်တိုင်းတာခြင်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် အပြီးဆောင်ရွက်ရပါသည်။

 

  • မေး-၆။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ပျိုးထောင်ခြင်းကို မည်သည့်လတွင် ဆောင်ရွက် ရပါသနည်း။
  • ဖြေ-၆။ သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် ပျိုးထောင်ခြင်းကို စက်တင်ဘာလမှ ဇွန်လအတွင်း အပြီးဆောင်ရွက် ရပါသည်။

 

  • မေး-၇။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် စိုက်ပျိုးခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • ဖြေ-၇။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် စိုက်ပျိုးခြင်းကို မေလမှ ဇွန်လအတွင်းအပြီး ဆောင်ရွက်ရပါသည်။

 

  • မေး-၈။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မြေဩဇာကျွေးခြင်းကို မည်သည့်လတွင် ဆောင်ရွက်ရပါသနည်း။
  • ဖြေ-၈။ ​သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မြေဩဇာကျွေးခြင်းကို ဇူလိုင်လမှစက်တင်ဘာလအတွင်း အပြီးဆောင်ရွက်ရပါသည်။

 

  • မေး-၉။ သစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မီးတားလမ်းဖောက်လုပ်ခြင်းနှင့် မီးကာကွယ်ခြင်းကို မည်သည့်လတွင် ဆောင်ရွက် ရပါသနည်း။
  • ဖြေ-၉။ ​သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် မီးတားလမ်း ဖောက်လုပ်ခြင်းနှင့် မီးကာကွယ်ခြင်းကို ဇန်နဝါရီလမှ  မေလအတွင်း အပြီးဆောင်ရွက် ရပါသည်။

 

  • မေး-၁၀။ ​မိမိခြံဝန်းအတွင်းနှင့်ယာစည်းရိုးတွင် သစ်ပင်များစိုက်လိုပါကအကူအညီများရရှိရန် မည်သို့ဆောင်ရွက်ရပါမည်နည်း။
  • ဖြေ-၁၀။ ​မိမိခြံဝန်းအတွင်းနှင့် ယာစည်းရိုးတွင် သစ်ပင်များစိုက်လိုပါက နီးစပ်ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရုံး၏ ပြည်သူဗဟိုပြု သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်ဖြင့် ဆက်သွယ်၍ လိုအပ်သော ပျိုးပင်များနှင့် နည်းပညာအကူအညီ ရယူ၍ စိုက်ပျိုးနိုင်ပါသည်။

 

  • မေး-၁၁။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို မည်သည့်အရေအတွက်ဆောင်ရွက်နိုင်ပါသနည်း။
  • ဖြေ-၁၁။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ဘဏ္ဍာနှစ်အထိ စွမ်းအားမြှင့် မီးဖို(၄၇၈,၅၅၅)လုံး ဖြန့်ဖြူးခဲ့ပါသည်။

 

  • မေး-၁၂။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မည်သည့် အရေအတွက် ဆောင်ရွက်မည်နည်း။
  • ဖြေ-၁၂။ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းကို  ၂၀၁၃- ၂၀၁၄ဘဏ္ဍာနှစ်တွင် စွမ်းအားမြှင့်မီးဖို (၈,၈၈၀)လုံး ဖြန့်ဖြူးရန် လျာထားပါသည်။

 

  • မေး-၁၃။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးကို ရရှိနိုင်သနည်း။
  • ဖြေ-၁၃။ စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်းဖြင့်ထင်းလောင်စာပမာဏကို ၄၀% အထိ လျော့ချနိုင်ပြီး အပူစွမ်းအင်ကို ၆၀% ကျော်အထိ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါသဖြင့် ထင်းလောင်စာ သုံးစွဲမှု လျော့ချနိုင်သည့်အပြင် အချိန်ကုန် သက်သာကြောင်း တွေ့ရှိရပါသည်။

 

  • မေး-၁၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာအကျိုးပြုရေကန် မည်မျှတည်ထောင် ခဲ့ပါသနည်း။
  • ဖြေ-၁၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် အထိ စုစုပေါင်း ကျေးရွာအကျိုးပြုရေကန် (၁,၇၂၂)ကန် တည်ထောင်ခဲ့ပါသည်။

 

  • မေး-၁၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင်  ကျေးရွာအကျိုး ပြုရေကန် မည်မျှတည်ထောင် မည်နည်း။
  • ဖြေ-၁၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ကျေးရွာအကျိုး ပြုရေကန် စုစုပေါင်း(၂၁)ကန် တည်ထောင်မည်ဖြစ်ပါသည်။

 

  • မေး-၁၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဓိက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ဖော်ပြပါ။
  • ဖြေ-၁၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် အဓိကအားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)နှင့် ဂျပန်နိုင်ငံ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့နှင့် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေပါသည်။

 

  • မေး-၁၇။ ယခင်က သစ်စက်လိုင်စင် သက်တမ်းကို တစ်နှစ်တစ်ကြိမ် တိုးမြှင့်ပေးနေခြင်း ဆောင်ရွက် နေရာမှ ယခုအခါ (၅)နှစ်အထိ သက်တမ်း တိုးမြှင့်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောပြပေးပါ။
  • ဖြေ-၁၇။ သစ်စက်လိုင်စင် သက်တမ်းကို နှစ်စဉ် သက်တမ်းတိုးမြှင့်ခြင်းအစား (၅)နှစ်အထိ သက်တမ်း တိုးမြှင့်ပေးခြင်းဖြင့် လုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ခြင်း၊ စာရွက်စာတမ်းကုန်ကျမှု လျှော့ချနိုင်ခြင်း၊  ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ သက်တမ်းတိုးရန် လိုက်လံစစ်ဆေးရသည့် တာဝန်များ လျှော့ချနိုင်ခြင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာကို (၅)နှစ်စာ တစ်ပေါင်းတည်း ကြိုတင်ရရှိခြင်း၊ အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပါတယ်။

 

  • မေး-၁၈။ လက်ကိုင်စက်လွှများကို လိုင်စင်ဖြင့်သာ  ကိုင် ဆောင် အသုံးပြုရန် အမိန့်ကြော်ငြာစာ ထုတ်ပြန် ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြား ပေးပါ။
  • ဖြေ-၁၈။ လက်ကိုင်စက်လွှများဟာ သစ်ပင်များကို အလွယ်တကူ ခုတ်လှဲနိုင်တဲ့ အတွက် သစ်တောပြုန်းတီးမှုအတွက် များစွာ အန္တရာယ်ရှိတဲ့ စက်ကရိယာတစ်ခုဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ သစ်တောပြုန်းတီးမှုကို ကာကွယ်တဲ့အနေနဲ့ လက်ကိုင် စက်လွှကိုင်ဆောင် အသုံးပြုခြင်းကို ဥပဒေအရတားမြစ် ပိတ်ပင်ထား ပါတယ်။ မြန်မာနိုင်ငံ အနေနှင့် လက်ကိုင်စက်လွှများကို တရားဝင် လိုင်စင်ပြုလုပ် ကိုင်ဆောင် အသုံးပြုစေခြင်းဖြင့် နိုင်ငံအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုင်ဆောင် အသုံးပြုနေသော လက်ကိုင် စက်လွှများ အရေအတွက်နဲ့ ဘာလုပ်ငန်းတွေအတွက် ကိုင်ဆောင် အသုံးပြုနေတယ် ဆိုတာရယ်၊ ရွှေ့ပြောင်းရလွယ်ကူတဲ့ လက်ကိုင်စက်လွှများရဲ့ ရွှေ့ပြောင်း သယ်ယူမှုများကို ထိန်းချုပ် ကြီးကြပ်နိုင်ဖို့အတွက်ရယ် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

  • မေး-၁၉။ သစ်တောဦးစီးဌာနမှ တရားဝင် သစ်တော ထွက် ပစ္စည်းများအတွက် အထောက်အထား အဖြစ် ထုတ်ပေးတဲ သစ်တောဘီလ်ပြေစာ များကို သက်တမ်းဘယ်လောက် ခွင့်ပြုပေး ထားပါသလဲ။
  • ဖြေ-၁၉။ သစ်တောဦးစီးဌာနမှ တရားဝင် သစ်တောထွက် ပစ္စည်းများအတွက် အထောက်အထားအဖြစ် ထုတ်ပေးတဲ့ သစ်တောဘီလ်ပြေစာများကို သက်တမ်းကို ယခင်က ထုတ်ပေးတဲ့နေ့မှစပြီး ဘဏ္ဍာရေးနှစ်ကုန်ဖြစ်တဲ့ မတ်လ (၃၁)ရက်နေ့အထိ သတ်မှတ်ပေးခြင်းအစား ပြည်သူအများ လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူ လျင်မြန်စေရေးနဲ့ အချိန်ကုန် သက်သာစေရေးအတွက် ဘီလ်ပြေစာ သက်တမ်းကို ထုတ်ပေးတဲ့နေ့မှစပြီး တစ်နှစ် သတ်မှတ် ဆောင်ရွက်စေလျက်ရှိပါတယ်။ သတ်မှတ်ကာလကျော်လို့ ပထမအကြိမ် သက်တမ်းတိုးခြင်းကို မူလ ဘီလ်ပြေစာ ထုတ်ပေးရာ ခရိုင်သစ်တောရုံးမှာဘဲ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး ဒုတိယအကြိမ် သက်တမ်းတိုးခြင်းကိုလည်း သစ်တောဦးစီးရုံးချုပ်မှ စိစစ်ခွင့်ပြုပေး သွားမှာ ဖြစ်ပါတယ်။

 

  • မေး-၂၀။ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ထုတ်ယူမှုလျော့နည်းကျဆင်းရေးအတွက် မည်သို့ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ပါမည်နည်း။
  • ဖြေ-၂၀။ သစ်တောဝန်ထမ်းများမှ မြို့နယ်အသီးသီးတွင် သတင်းစုံစမ်းခြင်း၊ လှည့်လည်စစ်ဆေးခြင်းများဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်း ထုတ်ယူ သယ်ဆောင်မှု များအား စဉ်ဆက်မပြတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ သတင်းပေးများထားရှိပြီး ရရှိသော သတင်းများ အပေါ်အခြေခံ၍ ရှာဖွေဖမ်းဆီးလျက် ရှိပါသည်။ တရားမဝင်သစ်များ ထုတ်ယူလေ့ရှိသည့် ဧရိယာများတွင် ခရိုင်/တိုင်းဒေသကြီး စစ်ကြောင်းများ စုဖွဲ့၍လည်း ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။ တရားမဝင် သစ်နှင့် ပတ်သက်၍ သစ်တောဦးစီးရုံးချုပ်တွင် ရရှိသော သတင်းများအရ အင်အားစုဖွဲ့၍ လျှပ်တပြက် ဝင်ရောက်ဖမ်းဆီးဆောင်ရွက်လျက်ရှိပါသည်။

 

  • မေး-၂၁။ သစ်တောကြိုးဝိုင်းနှင့်ပတ်သက်သော တားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက မည်သို့ အပြစ်ပေးခံရပါမည်နည်း။
  • ဖြေ-၂၁။ သစ်တောကြိုးဝိုင်းနှင့်ပတ်သက်သော တားမြစ်ချက်များကို ကျူးလွန် ဖောက်ဖျက်ပါ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူအား သစ်တောဥပဒေ ပုဒ်မ ၄၀ အရ ငွေဒဏ်ကျပ် (၅၀၀၀) အထိဖြစ်စေ၊ ထောင်ဒဏ်(၆) လအထိဖြစ်စေ၊ ဒဏ်(၂) ရပ်လုံးဖြစ်စေ ကျခံစေရန်လည်းကောင်း၊ သစ်တောဥပဒေပုဒ်မ ၄၂ (က) အရ ငွေဒဏ်ကျပ်( ၂၀၀၀၀) အထိဖြစ်စေ ထောင်ဒဏ်(၂) နှစ်အထိဖြစ်စေ၊ ဒဏ်(၂) ရပ်လုံးဖြစ်စေ ကျခံစေရန်လည်းကောင်း အရေးယူအပြစ်ပေးခံရမည်ဖြစ်ပါသည်။

 

  • မေး-၂၂။ မြန်မာ့သစ်လုပ်ငန်းနှင့် မည့်သည့်နည်းလမ်းများဖြင့် ရင်နှီးမြှုပ်နှံမှု ဆောင် ရွက်နိုင်သနည်း။
  • ဖြေ-၂၂။ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်း၍

(က) (၁၀၀%)ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်း။

(ခ)  ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း။

 

  • မေး-၂၃။ ရင်းနှီးမြှုပ်နှံသူများအား မြန်မာ့သစ်လုပ်ငန်းမှ ကုန်ကြမ်းများကို မည်ကဲ့ သို့ ရောင်းချပေးနိုင်သနည်း။
  • ဖြေ-၂၃။ ရင်းနှီးမြှုပ်နှံသူများအား မြန်မာ့သစ်လုပ်ငန်းမှ ကုန်ကြမ်းများကို Open Tender ဖြင့် ရောင်းချပေးပါမည်။

 

  • မေး-၂၄။ သစ်အချောထည်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံရန် လုပ်ထုံးလုပ်နည်းများ မည်သို့ရှိပါလဲ။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ရင်းနှီးမြှုပ်နှံသူအား မည်သည့်အကူအညီ ပေးနိုင်ပါသလဲ။
  • ဖြေ-၂၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း) တို့အရ သစ်အချောထည် ထုတ်လုပ်ခြင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက် ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများမှာ-

(က)    ၁၀၀% ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်ပါက မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ တွင် ပူးတွဲပါရှိသည့် ပုံစံ(၁)ဖြင့် ရင်းနှီး မြှုပ်နှံမှု အဆိုပြုလွှာကို မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်သို့ တင်ပြခြင်း။

(ခ)     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဥပဒေနှင့်အညီ စိစစ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံမည်ဖြစ်ရာ မြန်မာ့သစ်လုပ်ငန်းအား အဆိုပြုလွှာကို စိစစ်သုံးသပ်ပြီး သဘောထားမှတ်ချက်ကို ဝန်ကြီးဌာနသို့ တင်ပြစေခြင်း။

(ဂ)     သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာအချက်များနှင့် စပ်လျဉ်းသည့် သဘောထားမှတ်ချက်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တင်ပြခြင်း။

(ဃ)    မြန်မာ့သစ်လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပါက အဆိုပြုလွှာတွင် အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရပါမည်-

(၁)     ဖက်စပ်လုပ်ငန်းစာချုပ်

(၂)     မြေငှားစာချုပ်

(၃)     သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ

(၄)     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ

(၅)     အခြားလိုအပ်သည့် စာရွက်စာတမ်းများ

ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုသူသည် ဖြစ်နိုင်ခြေလေ့လာ သုံးသပ်ခြင်းကို မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ပါက လုပ်ငန်းများ မြန်ဆန်၊ သွက်လက်ချောမွေ့မည် ဖြစ်ပါသည်။

 

  • မေး-၂၅။ မြန်မာ့သစ်လုပ်ငန်း၏ သာမာန်အသုံးစရိတ် ရန်ပုံငွေသုံးစွဲသည့် လုပ်ငန်း ကို သိလိုပါသည်။
  • ဖြေ-၂၅။ မြန်မာ့သစ်လုပ်ငန်း၏ သာမန်အသုံးစရိတ်ရန်ပုံငွေမှာ ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ နှစ်စဉ်ဧပြီလတွင် ထုတ်ပြန်သော ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေမှ ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲထားခြင်းဖြစ်ပါ၍ ဆောင်ရွက်သည့် လုပ်ငန်းပမာဏအပေါ်မူတည်၍ ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေများ တောင်းခံခြင်း၊ လွှဲပြောင်းသုံး စွဲခြင်း၊ ပြန်လည်အပ်နှံခြင်းများကို ဆောင်ရွက်ပါသည်။

 

  • မေး-၂၆။  မြန်မာ့သစ်လုပ်ငန်းသည် မည်သည့်သစ်လုံး တိုင်းတာနည်းစနစ် အသုံးပြုပါသနည်း။
  • ဖြေ-၂၆။  မြန်မာ့အဖိုးတန် သစ်တောသယံဇာတများဖြစ်သော ကျွန်း/သစ်မာ သစ်လုံးများအား တိုင်းတာသည့် နည်းစနစ်သည် ၁၇၃၆ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး Mr Edward Hoppus တီထွင် ကျင့်သုံးစေခဲ့သော နည်းစနစ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါသစ်လုံး တိုင်းတာနည်းကို Hoppus Measure ဟုခေါ်ဆိုပါသည်။ ကျွန်း/သစ်မာ သစ်လုံးများအား တိုင်းတာရာတွင် Hoppus Measure စနစ်ဖြင့် အောက်ပါအတိုင်း တိုင်းတာပါသည်-

(က) သစ်တစ်လုံးချင်းစီ၏ ပေရှည်ကိုထိပ်နှစ်ဖက် အစမှအဆုံးအထိ (ငါးလူး/ နဖါးအပါအဝင်) တိုင်းတာရပါသည်၊ အရှည် (၆) နှင့် အထက်ကို (၁) တိုးယူ၍ (၆) အောက်ကို ထည့်မတွက်ရပါ။

(ခ) သစ်လုံး၏ ခါးလည်လုံးပတ်အား တိုင်းတာရာတွင် ထိုသစ်လုံး ၏ အမှန်တကယ်ရှိသော ပေ/လက်မ ၏အလယ်ဗဟိုတွင် တိုင်းတာရပါသည်။ လုံးပတ် (/)နှင့် အထက်ကို (၁) တိုးယူပြီး၊ (/)အောက်ကို ထည့်မတွက်ပါ။

(ဂ) ပုံသဏ္ဍာန်မမှန်သော သစ်လုံးများနှင့် ခါးလည် လုံးပတ်ပုံမှန် အနေအထား မရှိပါက ခါးလည်မှနေ၍ တစ်ဘက်စီသို့ ညီမျှသော အကွာအဝေး နှစ်နေရာတွင် လုံးပတ် တိုင်းတာ၍ ပျမ်းမျှယူရပါ သည်။

(ဃ) Hoppus Measure အရ သစ်လုံး၏ တန်ပမာဏကို တွက်ချက်ရန်အတွက် အောက်ဖော်ပြပါ ပုံသေနည်းကို အသုံးပြုပါသည်။ သစ်တစ်တန်တွင် ကုဗပေ ၅၀ ရှိသည်ကို အခြေခံ၍ သစ်လုံး၏ တန်ကို တွက်ချက်ပါသည်။

 

  • မေး-၁။ အင်းလေးကန်အတွင်း ရေခမ်းခြောက်မှုဖြစ်ပွားရခြင်းရဲ့ အခြေခံအကြောင်း အရင်းများကို သိပါရစေ။
  • ဖြေ-၁။ အင်းလေးကန်ရေခမ်းခြောက်မှုကိုပြန်လည်လေ့လာကြည့်မယ်ဆိုရင် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ ရေအမှတ် (+ ၀.၉)ပေ ဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ ရေ အမှတ် (+ ၀.၈)ပေ ရှိပါတယ်။ ၂၀၁၀ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ (-၂.၀) ပေဖြစ်လာပြီး ၂၀၁၁ ခုနှစ်မှာ (-၀.၈)ပေ ဖြစ်လို့ ပြန်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာလည်း (-၀.၈) ပေဖြစ်လို့ ၂၀၁၁ ခုနှစ်နှင့်အတူတူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ (- ၁.၆) ပေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ခုနှစ်(-၂.၀)ပေထက် ရေပိုများတာကိုတွေ့ရပါတယ်။ အခုလို ရေခမ်းခြောက်မှုအခြေအနေဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းတွေကို သုံးသပ်ရမယ်ဆိုရင်တော့ အခြေခံ အကြောင်းရင်း အတော်များများ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်း(၂)ခုကတော့ နုန်းတင်အနည်ကျမှုကြောင့် ကန်ကောလာခြင်းနဲ့ မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပါတယ်။ ကန်ကောလာတာကို ကာကွယ်ဖို့ ကန်အတွင်း နုန်းအနည်မကျအောင် ရေဝေရေလဲဧရိယာတွေမှာ သစ်ပင်သစ်တောတွေ ပြန်လည်စိုက်ပျိုးရမှာဖြစ်သလို နုန်းတား ဆည်တွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မိုးခေါင်ရေရှားမှုကတော့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ပြဿနာ တစ်ခုဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပြီး လူကထိန်းချုပ်ဖို့ ခက်ခဲတဲ့ပြဿနာ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ခြင်းဆိုင်ရာ သဘောတူ ညီချက်စာချုပ်နှင့်အညီ ရာသီဥတုထိန်းညှိရေး (Mitigation) နဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေအပေါ်မှာ တုန့်ပြန်နေနိုင်ရေး (Adaptation) လုပ်ငန်းများဆောင်ရွက်လျက် ရှိပါတယ်။ မိမိတို့နိုင်ငံလဲ အဲဒီလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

 

  • မေး-၂။ အင်းလေးကန်ကြီးယိုယွင်းပျက်စီးမှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံ ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို သိလိုပါတယ်။
  • ဖြေ-၂။ အင်းလေးကန်ကြီးပျက်စီးယိုယွင်းမှုမရှိစေရေးအတွက် ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းမှတ်တမ်း အများအပြား ရှိပါတယ်။ ယခုလက်ရှိ အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်ကနေစတင်ပြီးတော့ "အင်းလေးကန်ရေရှည်တည်တံ့ရေးနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေးကော်မတီ" ဖွဲ့ပြီး အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေး (၅)နှစ်စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီစီမံချက်ကို အကောင်အထည် ဖော်ခြင်းမပြုမီ စီမံချက်မူကြမ်းကို သက်ဆိုင်ရာပညာရှင်များ၊ NGO များနဲ့ အစိုးရဌာနများအကြားမှာချပြပြီးမှ အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ(၅)နှစ်စီမံချက်ကို အထောက်အကူ ပြုဖို့အတွက် နော်ဝေနိုင်ငံအစိုးရနဲ့ UNDP တို့ရဲ့ အကူအညီနဲ့လည်း အင်းလေးကန် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး (၂)နှစ် စီမံကိန်းကို ၂၀၁၂ ခုနှစ်ကနေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် UNESCO နဲ့ ပူးပေါင်းပြီး အင်းလေးကန်နဲ့ ပတ်ဝန်းကျင်ဒေသကို ဇီဝအဝန်းကြိုးဝိုင်း (Biosphere Reserve)အဖြစ် ထူထောင်ဖို့လုပ်နေသလို UNESCO နဲ့ နော်ဝေနိုင်ငံအစိုးရတို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင်ဒေသ (World Heritage Site)အဖြစ် တည်ထောင် ဖို့လည်း ကြိုးစားလျက်ရှိပါတယ်။ ဆက်လက်ပြီးတော့ ICIMOD နှင့် AFOCO တို့နဲ့ ပူးပေါင်းပြီး ရေဝေရေလဲဧရိယာ များထိန်းသိမ်းရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင် ရွက်သွားဖို့သဘောတူညီထားပါတယ်။

 

  • မေး-၃။ အင်းလေးကန်ရေဝေရေလဲဒေသမှာရှိတဲ့ သစ်တောများပျက်စီးမှုကြောင့် အင်းလေးကန်အတွင်း နုန်းပို့ချမှုအလွန်များပြားတာကို သိရပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် မည်သည့်လုပ်ငန်းများဖြင့် အဆိုပါ အခြေအနေကို တားဆီးဖို့ ဆောင်ရွက်နေပါသလဲ။
  • ဖြေ-၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ ရေဝေရေလဲ ဒေသရှိသစ်တောများ ထိန်းသိမ်းဖို့ အင်းလေးကန် ရေရှည် တည်တံ့ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး (၅)နှစ် စီမံချက်နှင့်အညီ လုပ်ငန်းခေါင်းစဉ်ကြီး(၅)ခုနှင့် လုပ်ငန်းအမယ်ပေါင်း (၃၀)ခုကို ဆောင်ရွက်နေပါတယ်။ အဓိကလုပ်ငန်း ခေါင်းစဉ်ကြီးတွေကတော့ သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ရေနှင့်မြေဆီလွှာ တိုက်စားမှု ထိန်းသိမ်းကာကွယ်ခြင်း၊ ရွှေ့ပြောင်း တောင်ယာစနစ် ပပျောက်အောင် ဆောင်ရွက်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနက ဌာနရဲ့ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ သစ်တော စိုက်ပျိုးပြုစုခြင်းနဲ့ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အစိုးရဌာန၊ ဒေသခံ ပြည်သူလူထု၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ၊ ပုဂ္ဂလိကနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့  ပူးပေါင်း ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်ပါတယ်။

 

  • မေး-၄။ အင်းလေးကန်အတွင်းရေလျော့နည်းခမ်းခြောက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်နိုင်မှုနှင့် ထိန်းသိမ်းဆောင်ရွက်မည့် အခြေအနေကို သိလိုပါတယ်။
  • ဖြေ-၄။ အင်းလေးကန်အတွင်း ရေလျော့နည်းခမ်းခြောက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် အောက်ပါအတိုင်း သက်ရောက်မှုရှိလာပါမည်-

(က) ကုန်းနေသတ္တဝါများ။ အင်းလေးကန်ဘေးမဲ့တောအတွင်းနို့တိုက်သတ္တဝါ ငယ်များ၊ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါမျိုးစိတ်များအတွက် ဂေဟစနစ်ပျက်စီးမှုနှင့် အတူကျက်စားနယ်မြေများ ပျောက်ဆုံးနိုင်ခြင်း၊ အစာကွင်းဆက်ပျက်စီးမှုကြောင့် မျိုးပွားမှုကိုထိခိုက်လာခြင်းနှင့် ကောင်ရေလျော့ နည်းကျဆင်းခြင်း၊ ကျက်စားနေရာ ပြောင်းရွှေ့ နိုင်ခြင်းများဖြစ်လာပါမည်။

(ခ) ရေနေသတ္တဝါများ။ ငါးအပါအဝင် ရေနေသတ္တဝါမျိုးစိတ်များအတွက် ကျက် စားနေရာများပျက်စီးပျောက်ဆုံးခြင်း၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်လာနိုင်ခြင်း၊ အစာကွင်းဆက်များ ပျက်စီးမှု နှင့်အတူ အစာပြတ်လပ်မှု ကြောင့်သေကြေပျက်စီးနိုင်ခြင်း၊ ရေများရာ အင်းလေးကန်အောက်ပိုင်းသို့ စားကျက်ပြောင်းရွှေ့ နေထိုင်ခြင်းကြောင့် ငါးမျိုးစိတ်များ ဖမ်းဆီးရမိမှု နည်းပါးလာနိုင်ခြင်း။

(ဂ) ဆောင်းခိုငှက်နှင့်ဒေသရင်းငှက်မျိုးစိတ်များ။ နှစ်စဉ် ကမ္ဘာ့မြောက်ခြမ်း ဒေသမှ ဆောင်းခိုငှက်များ ကျရောက် ကျက်စားလေ့ရှိပြီး၊ ဒေသရင်းငှက်မျိုးစိတ်များပါ ကျက်စား နေထိုင်မှုကြောင့် ကမ္ဘာ့ ဆောင်းခိုငှက် ပျံသန်းလမ်းကြောင်းတွင် ကျရောက်၍ အရေးပါသည့် ရေတိမ်ဂေဟစနစ် ဖြစ်ခြင်းကြောင့် ရေလျော့နည်း ခမ်းခြောက်မှုနှင့် အတူရေတိမ် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေသဖြင့် အစာရှားပါးမှု၊ ခိုလှုံကျက်စားရာနေရာများ ပျောက်ဆုံးပျက်စီးမှု တို့ကြောင့် ရေရှည်တွင် ကျရောက်ကျက်စားမည့် ငှက်မျိုးစိတ်များ နည်းပါးလာနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

အဆိုပါ ဂေဟစနစ်နှင့်မျိုးစိတ်များအပေါ်ထိခိုက်မည့် အခြေအနေအား ကာကွယ်ထိန်းသိမ်းရန် အောက်ပါအတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်-

(က) ဂေဟစနစ်ထိန်းသိမ်းခြင်း။ ရေတိမ်ဂေဟစနစ်အတွက် အရေးပါသည့် ကျွန်း မျောရိုင်း၊ ကိုင်းမြက်တောများ၊ ရေဝပ်စိမ့်မြေတောများကို ဘေးမဲ့တောအတွင်း တားမြစ် နယ်မြေများ (Restricted Area) အဖြစ်သတ်မှတ်၍ လူတို့ နှောင့်ယှက်မှု၊ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်မှု၊ ဖြတ်သန်းသွားလာမှုမပြုစေရေး ပင်မထိန်းသိမ်းရေး ဇုန်နယ်မြေ (Core Zone) အဖြစ် ထိန်းသိမ်းထားရှိပါမည်။ ၎င်းအတွက်လည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် သစ်တောဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။

(ခ) ရေသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းခြင်း။ ရေနေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ သမားရိုးကျ မဟုတ်သည့် ငါးဖမ်းနည်း များဖြင့် တရားမဝင်ငါးဖမ်းဆီးခြင်း၊ ရေပြင်အတွင်းသို့ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒအဆိပ်သင့်စေသည့် ပစ္စည်းများရောက်ရှိစေခြင်းများကို စစ်ဆေးတားဆီးခြင်းနှင့် ဥပေဒအရတားမြစ်အရေးယူခြင်း၊ ပညာပေးစည်းရုံးလိုက်ပါ ဆောင်ရွက်စေခြင်းများဖြင့် ထိန်းသိမ်းဆောင်ရွက်နေပါတယ်။

(ဂ) စည်းရုံးပညာပေးခြင်း။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေတိမ်ဂေဟစနစ်တို့သည် လူသားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည်သာမက၊ အပြန်အလှန် အမှီသဟဲ ပြုနေခြင်း၊ ရာသီဥတု ထိန်းညှိပေးရေးအတွက် အထောက်အကူပြုခြင်း၊ သဘာဝပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်မှုအတွက် ပြယုဂ်အညွှန်း သင်္ကေတ Biological Indicator ဖြစ်ခြင်း၊ အင်းလေး ကန်၏ ဘူမိရူပထူးခြားသည့် သဘာဝပတ်ဝန်းကျင်အခြေအနေကောင်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်၊ တိုင်းရင်းသားဓလေ့ထုံးစံများကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားပြီး စိတ်ဝင်စားစွာလာရောက် ကြည့်ရှုရသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်း နေရာဖြစ်ခြင်းကြောင့် ရေရှည်တည်တံ့စေ ရေးထိန်းသိမ်းရန် ပညာပေး စည်းရုံးမှုများကို နယ်ပယ်စုံပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

 

  • မေး-၅။ ဟိုတယ်ဇုန်သတ်မှတ်ထားသော်လည်းအင်းလေးကန်အတွင်း ဟိုတယ်ဆောက်လုပ် ခွင့်ပြုခြင်းကိစ္စနဲ့ စပ်လျဉ်း၍သိလိုပါတယ်။
  • ဖြေ-၅။ နိုင်ငံတော်အစိုးရခွင့်ပြုချက်ဖြင့် အင်းလေးကန်ဒေသရှိ ဘေးမဲ့တောအပါအဝင် သစ်တောမြေများအတွင်းမှ ဟိုတယ်(၃၀)ခုကို ယခင်ဘေးမဲ့တော မသတ်မှတ်မီ ကာလ အတွင်းက ဖွင့်လှစ်ခဲ့ခြင်း၊ ဆောက်လုပ်ရန် လျှောက်ထားခြင်း တို့အရစိစစ်၍ ဟိုတယ်/ခရီးဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့မှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့ခြင်း ရှိပါတယ်။ ၎င်းအနက် ဟိုတယ်(၁၆)ခု ဧရိယာအားဖြင့် (၃၅၈.၉၉)ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်၍ ကျန်(၁၄)ခုကို သစ်တောမြေ မပယ်ဖျက်ပဲ နှစ်ရှည် မြေငှားရမ်းမှုစနစ်ဖြင့် နိုင်ငံတော်မှ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အသစ်ထပ်မံ လျှောက်ထားလာသည့် ဟိုတယ်တည်ဆောက်ခွင့်များကို ထပ်မံခွင့်ပြုခြင်းမရှိပဲ ဟိုတယ်ဇုန်မြေနေရာတွင်သာ တစ်စုတစ်စည်း တည်းတည်ဆောက်ဖွင့်လှစ် ခွင့်ပြုပေးလျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတကြီး၏ အင်းလေးကန် နှင့်ပတ်သက်၍ အင်းလေးကန် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးအတွက် ကန်စပ်များတွင် ဟိုတယ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများအား ထပ်မံ ခွင့်ပြုခြင်း မပြုရန်၊ ကန်ဧရိယာအပြင်ဘက် သဘာဝဝန်းကျင်ကို မထိခိုက်စေသောနေရာ၊ ကန်အတွင်းသို့ သွားရန်လွယ်ကူသောနေရာ၊ နေရာအနှံ့မဟုတ်ဘဲ ဇုန်သဘောမျိုး ခွင့်ပြုရန်ဆိုသည့် လမ်းညွှန်ချက်အရ အင်းလေးကန် အရှေ့ဘက်ခြမ်း သစ်တောကြိုးဝိုင်းမြေ အတွင်းမှ (၆၂၂) ဧကကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အင်းလေးကန်ရေစပ်တွင် ဆောက်လုပ်နေသည့် ဟိုတယ်များမှာလည်း ဟိုတယ်ဆောက်လုပ်ခွင့်များ အသစ်ထပ်မံ ချပေးထားခြင်းမဟုတ်ဘဲ ယခင် သစ်တောရေးရာဝန်ကြီးဌာန လက်ထက်ကပင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဤဝန်ကြီးဌာနတို့သို့ လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး မြေအသုံးချမှု ကွင်းဆင်းတိုင်းတာစိစစ်ပြီးမှ ခွင့်ပြုပေးထားပြီး လုပ်ငန်းများ ဖြစ်ပါတယ်။ အသစ်ထပ်မံ ခွင့်ပြုသည့် ဟိုတယ်များမဟုတ်ဘဲ လုပ်ငန်းရှင်များဖက်မှလည်း ဟိုတယ်လုပ်ငန်း တည်ဆောက်ခွင့် ရရှိပြီးဖြစ်၍ အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်မှသာဝင်ရောက် ဆောက်လုပ်နေကြသည့် ဟိုတယ်တစ်ချို့ကို တွေ့မြင်ရခြင်းဖြစ်ပါတယ်။ သစ်တောဦးစီးဌာနနှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့တို့မှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အမြဲစစ်ဆေး ကြပ်မတ်နေပါတယ်။

 

  • မေး-၆။ ရေဝေရေလဲဒေသဆိုတာဘာလဲ။
  • ဖြေ-၆။ ရေဝေရေလဲဒေသတစ်ခုဆိုတာ မြစ်၊ ချောင်း၊ ကန်၊ ဆည် တစ်ခုခုအတွင်းသို့ ပေါင်းဆုံစီးဝင် သောရေများ၏ အရင်းခံရာနေရာဒေသတစ်ခုဖြစ်ပါတယ်။ ရေဝေရေလဲဒေသ တစ်ခုကို ယေဘူယျအားဖြင့် ရေဝေကုန်းကြောများဖြင့် ပိုင်းခြားသတ်မှတ်လေ့ရှိပါတယ်။ ချောင်းငယ်များအတွင်းသို့စီးဝင်သော ရေဝေရေလဲ ဧရိယာအငယ်စားများ အချင်းချင်း စုပေါင်း၍ ပိုမိုကြီးမားသော ရေဝေရေလဲဒေသဖြစ်လာကာ ကြီးမားသောချောင်းများနှင့် မြစ်များအတွင်း သို့စီးဝင်ကြပြီး စတုရန်းကီလိုမီတာ‌ မြောက်မြားစွာ ကျယ်ဝန်းသော ရေဝေရေလဲဒေသကြီးများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒီလို စတုရန်းကီလိုမီတာ‌ မြောက်မြားစွာ ကျယ်ဝန်းသော ရေဝေရေလဲဒေသများ ပေါင်းစပ်ခြင်းဖြင့် ကြီးမားသော မြစ်ချောင်းကြီးများ၏ ရေဆင်းဒေသများ ဖြစ်ပေါ်လာပါတယ်။

 

  • မေး-၇။ မြစ်ဝှမ်းဒေသတစ်ခုအတွင်း ရေဝေရေလဲဒေသအငယ်စားများ (Micro Watershed) သတ်မှတ်ထားခြင်း နမူနာပြပုံ
  • ဖြေ-၇။ အရိုးရှင်းဆုံး ဥပမာပေးရမယ်ဆိုလျင် ဧရာဝတီမြစ်ကြီးရဲ့ရေဆင်းဒေသမှာ မေခမြစ်၊ မေလိခ မြစ်၊ တာပိန်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ် တို့ရဲ့ ရေဝေရေလဲဒေသများ ပါဝင်ပါတယ်။  အဲဒီလိုဘဲ ချင်းတွင်းမြစ် ရေဝေရေလဲဒေသမှာ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သော မြစ်ချောင်းများ (ဥပမာ- ဥရုချောင်း)ရဲ့ ရေဝေရေလဲဒေသများ ပါဝင်ပါတယ်။ အဲဒီလိုပါဘဲ ဥရုချောင်း ရေဝေရေလဲဒေသမှာ ဥရုချောင်းအတွင်းသို့ စီးဝင်သော ချောင်းငယ်များရဲ့ ရေဝေရေလဲဒေသများ ပါဝင်မှာ ဖြစ်ပါတယ်။

 

  • မေး-၈။     ရေဝေရေလဲဒေသတစ်ခုအတွင်းမှာ ဘာတွေ ပါဝင်သလဲ။
  • ဖြေ-၈။ ရေဝေရေလဲဒေသတစ်ခုအတွင်းမှာပါဝင်တဲ့အရာတွေကို အခြေခံအားဖြင့် (၂)ပိုင်းခွဲခြားနိုင် ပါတယ်။ ပထမတစ်ပိုင်းကတော့ သဘာဝသယံဇာတများဖြစ်ပါတယ်။ သဘာဝ သယံဇာတလို့ ဆိုတဲ့ နေရာမှာတော့ သက်ရှိ/ သက်မဲ့ (၂)မျိုးပါဝင်ပြီး ဥပမာအားဖြင့် ပြောရမယ်ဆိုရင် သစ်တော၊ သစ်ပင်အမျိုးမျိုးနဲ့ ၄င်းတို့ ပေါ်မှာမှီတင်းနေထိုင်ကြတဲ့ တောရိုင်း တိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတို့ဖြစ်ပါတယ်။ ဒုတိယအပိုင်းကတော့ ရေဝေရေလဲဒေသအတွင်း အခြေချ နေထိုင်တဲ့ လူသားများအပါအဝင် လူသားများဖန်တီးပြုပြင်ထားတဲ့ သက်ရှိ/ သက်မဲ့ အရာအားလုံးပါဝင်ပါတယ်။ ဥပမာ-စိုက်ပျိုးမြေများ၊ မွေးမြူထားသောတိရစ္ဆာန်များနှင့် စိုက်ပျိုး ထားသော အပင်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ မြို့ပြအိမ်ရာဒေသများ၊ လမ်းတံတားများ စသည်တို့ဖြစ်ပါတယ်။

 

  • မေး-၉။ ရေဝေရေလဲဒေသတွေကို စီမံအုပ်ချုပ်ခြင်း ဘယ်လို စတင်ခဲ့ပါသလဲ
  • ဖြေ-၉။ သဘာဝ ရေဝေရေလဲဒေသတစ်ခုအတွင်းမှာ လူသားတို့၏ ပြုမူဆောင်ရွက်မှုများကြောင့် သဘာဝသယံဇာတများ ပြုန်းတီးပျက်စီးလာပြီး မြေတိုက်စားမှုများဖြစ်ပေါ်လာကာ မြစ် ချောင်းများတစ်လျှောက် နုန်းပို့ချခြင်းများဖြစ်စေခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့  မြစ် ချောင်းကန်များ တိမ်ကောလာပြီး မိုးတွင်းအခါကာလများတွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ် စေပါတယ်။ ဒီလို ရေကြီးရေလျှံခြင်းများကြောင့် ဖြစ်ပေါ်လာမဲ့ အသက်အိုးအိမ်စည်းစိမ်များ၊ ပျက်စီးဆုံးရှုံးမှုများ ကာကွယ်ရန်အတွက် ရေဝေရေလဲဒေသများကို စနစ်တကျ စီမံအုပ်ချုပ် ရန်လိုအပ်ကြောင်း အသိအမှတ်ပြုရာမှစတင်ပြီး ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်း စတင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ 

 

  • မေး-၁၀။ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်းလုပ်ငန်းစဉ်တွေမှာ ဘာတွေ ပါရှိပါသလဲ
  • ဖြေ-၁၀။ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ရာမှာ အဓိကထည့်သွင်းစဉ်းစားရမဲ့ အချက်(၆)ချက်ရှိပါတယ်။ အဲဒါတွေကတော့

(၁)မြေဆီလွှာအမျိုးအစား၊

(၂)မြေမျက်နှာသွင်ပြင် အနေအထား၊

(၃) မြေဆီလွှာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊

(၄) မြေအသုံးချမှုအခြေအနေ၊

(၅) ဒေသအတွင်း လူဦးရေ၊

(၆) အသက်မွေးဝမ်းကြောင်းမှုပုံစံ တို့ဖြစ်ပါတယ်။

အဲဒီအချက် (၆)ချက် အပေါ်မှာ မူတည်ပြီးတော့ ရေဝေရေလဲဒေသ အတွင်းမှာရှိတဲ့ သက်ရှိသက်မဲ့သဘာဝသယံဇာတ အရင်းအမြစ်များ ထာဝစဉ်ဖွံ့ဖြိုး တိုးတက်အောင် စီမံခန့်ခွဲခြင်း ဆိုင်ရာ လုပ်ငန်းများအားလုံးဟာ ရေဝေရေလဲဒေသ စီမံအုပ်ချုပ်ခြင်း လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အဲလိုစီမံအုပ်ချုပ်တဲ့နေရာမှာ မြစ်ချောင်းများရဲ့ ရေဦးရေဖျားဒေသများမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ မပျက်စီးမယိုယွင်းစေရေးအတွက် ဦးစားပေးဆောင်ရွက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဒေသများဟာ မြစ်ချောင်းတစ်ခုအတွင်းမှာ စီးဆင်းမဲ့  ရေပမာဏ၊ ရေစီးနှုန်း၊ ရေအရည်အသွေး စသည်တို့အပေါ်မှာ ကောင်းကျိုးဆိုးကျိုးကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

  • မေး-၁၁။ ရေဝေရေလဲဒေသ ပျက်စီးရတဲ့အကြောင်းအရင်းတွေကို သိလိုပါတယ်
  • ဖြေ-၁၁။ အခြေခံအားဖြင့်အကြောင်းရင်း(၂)ခုရှိပါတယ်။ ပထမအချက်ကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ မိုးအလွန်အကျွံ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လူသားတွေရဲ့ ပယောဂကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် တိုးတက် လာသောလူဦးရေအတွက် သီးနှံထုတ်လုပ်ရန် စိုက်ပျိုးမြေချဲ့ထွင်မှုကြောင့်  ရေဝေရေလဲထိန်းတောများ ယုတ်လျော့လာခြင်း၊ ထင်း၊ မီးသွေးစသည့် လောင်စာ ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးခြင်းနှင့် အရည်အသွေးကျဆင်းခြင်း၊ ရွေ့ပြောင်းတောင်ယာကြောင့် သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ မြေဆီလွှာ တိုက်စားမှုများဖြစ်ခြင်း၊  စနစ်မကျသော စီးပွားဖြစ်သစ်ထုတ်လုပ်မှုကြောင့် သစ်တောအရည်အသွေးကျဆင်းခြင်း၊ တောမီးလောင်မှုကြောင့် မြေဆီလွှာအကာအကွယ်မဲ့ခြင်း၊ မြေဆီလွှာ တိုက်စားမှုဖြစ်စေသော မြေအောက် သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းနှင့် စနစ်မကျသော လမ်းဖောက်လုပ်ခြင်း စသည်တို့ကြောင့် ရေဝေရေလဲဒေသများပိုမိုပျက်စီး ပြုန်းတီးမှုဖြစ်ပေါ်စေခြင်းတို့ပဲဖြစ်ပါတယ်။

 

  • မေး-၁၂။  ရေဝေရေလဲဒေသများပျက်စီးခြင်းကြောင့် မည်သို့သောဆိုးကျိုးများဖြစ်နိုင်ပါသလဲ
  • ဖြေ-၁၂။ ရေဝေရေလဲဒေသပျက်စီးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဇီဝ မျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်း၊ မြေဆီလွှာတိုက်စားပြုန်းတီးခြင်း၊ မြေအောက် ရေလွှာဆုတ်ယုတ်ခြင်း၊ မြစ်ချောင်းများအတွင်း ရေလမ်းကြောင်းများကျဉ်းလာခြင်းနှင့် တိမ်ကောလာခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကြီးခြင်းနှင့် ခြောက်သွေ့ ရာသီတွင် ရေရှားပါးမှုများ ဖြစ်ပေါ်ခြင်း၊  ‌မြေနိမ့်ဒေသများရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ဆည်/ တမံ များတွင် သဲ နုန်း အနည်အနှစ်များ ပို့ချတိမ်ကောခြင်း၊ နွေရာသီတွင် စိမ့်စမ်းများ ခမ်းခြောက်ပြီး ရေရှားခြင်း စသည်တို့ကို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီလို သဘာဝဝန်းကျင် ပျက်စီးမှုသာမက သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေလျက်ရှိသော လူမှုစီးပွားရေး ထိခိုက်နစ်နာမှုများကိုပါ တဆက်တည်း ခံစားရမှာဖြစ်ပြီး အဆုံးမှာတော့ စားနပ်ရိက္ခာ ရှားပါးလာခြင်း၊ အလုပ်အကိုင်များ နည်းပါးလာခြင်းတို့နဲ့အတူ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုများကိုပါ တွေ့ကြုံခံစားလာရမှာ ဖြစ်ပါတယ်။

 

  • မေး-၁၃။ မြန်မာနိုင်ငံရဲ့ ရေဝေရေလဲဒေသများကို သိလိုပါတယ်
  • ဖြေ-၁၃။ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ရေဝေရေလဲဒေသကြီး (၆)ခုရှိပါတယ်။ အဲဒါတွေကတော့ ဧရာဝတီ/ ချင်းတွင်းမြစ်ဝှမ်းဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တောင်း မြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတို့ပဲ ဖြစ်ပါတယ်။ အသေးစိတ်ပြောရမယ်ဆိုရင်တော့ ဧရာဝတီချင်းတွင်းမြစ်ဝှမ်း ဒေသဟာ စတုရန်းကီလိုမီတာ (၄)သိန်းကျော် ကျယ်ဝန်းပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေဝေရေလဲဒေသကြီး ဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးကတော့ ဧရိယာစတုရန်းကီလိုမီတာ (၁)သိန်း(၅)သောင်းကျော် ကျယ်ဝန်းတဲ့ သံလွင်မြစ်ဝှမ်းဒေသ ဖြစ်ပါတယ်။ ပဲခူးမြစ်ဝှမ်းဒေသကတော့ စတုရန်းကီလိုမီတာ (၅)ထောင်ကျော် ကျယ်ဝန်းပြီး အသေးဆုံး ရေဝေရေလဲ ဒေသတစ်ခု ဖြစ်ပါတယ်။

 

  • မေး-၁၄။ ရေဝေရေလဲဒေသထိန်းသိမ်းရေးဆောင်ရွက်မှုများ
  • ဖြေ-၁၄။ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ အရွယ်အစား သေးသည်/ ကြီးသည် မခွဲခြားပဲ စနစ်တကျ စီမံအုပ်ချုပ်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို ၁၉၁၅ ခုနှစ်မှစတင်ပြီး  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဉ်ဆက်မပြတ် မြေယာအသုံးပြုနိုင်ရေး ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနက စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်  ဒုတိယကမ္ဘာစစ်မတိုင်မီအထိ ပင်းတယ၊ ပင်လောင်း၊ ကလောမြို့နယ်များမှာ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါတယ်။ လွတ်လပ်ရေး ရပြီးကာလမှာလည်း မြေယာထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပြီး (၅)နှစ် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်၊ ရှမ်းပြည်နယ် မြေကာကွယ်ပြုစုရေး အက်ဥပဒေကို ထုတ်ပြန်ပြီး ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။ ၁၉၆၂ ခုနှစ်မှာ မြေဆီလွှာ ထိန်းသိမ်းရေးယူနစ်ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ ကြက်မောက်တောင်ဆည်ရဲ့ ရေဝေရေလဲဒေသဖြစ်တဲ့ ပုပ္ပါးတောင်သစ်တော ပြန်လည်ထူထောင်ရေးကို သစ်တောဌာနက ပထမဆုံး စနစ်တကျ စီမံကိန်းရေးဆွဲ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာနကို သစ်တောဦးစီးဌာန၏ ဌာနခွဲတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဝေရေလဲဒေသများ ထိန်းသိမ်းကာကွယ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတစ်လျားရှိ တည်ဆောက်ပြီးဆည်များ၏ ရေဝေရေလဲ ဒေသများထိန်း သိမ်းကာကွယ်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရေကန်၊ ရေထွက်နဲ့ ချောင်းများရဲ့ ရေဝေရေလဲဒေသများမှာရှိတဲ့ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ရေးကို ၂၀၀၁ ခုနှစ်မှစတင်ပြီး (၅)နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်လာတာ ယခု ၂၀၁၃ ခုနှစ်ဆိုလျှင် တတိယ (၅)နှစ် စီမံကိန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

 

  • မေး-၁၅။ သစ်တောဦးစီးဌာနအနေနဲ့ အင်းလေးကန်ထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရပါတယ်။ အင်းလေးကန်ရဲ့ ရေဝေရေလဲထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှု ကိုလည်း သိချင်ပါတယ်။
  • ဖြေ-၁၅။ အင်းလေးကန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ ကုန်းမြင့်ဒေသ ရေအိုင်ကြီး ဖြစ်ပါတယ်။ အာဆီယံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ သစ်တောဦးစီးဌာန အနေနဲ့ ဒီအင်းလေးကန် မိုင်(၂၀) ဝန်းကျင် သစ်တော၊ ရေ၊ မြေ၊ သားငှက် ကာကွယ်ထိန်းသိမ်းရေးကို ၂၀၀၀-၂၀၀၁ ခုနှစ်ကစပြီး (၅)နှစ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသမှာ သစ်တောများ ပြုန်းတီးခြင်းနဲ့ စိုက်ပျိုးရေးနည်းစနစ်များ မမှန်ကန်ခြင်း တို့ကြောင့် မြေဆီလွှာတိုက်စားပြီး အင်းလေးကန်ထဲကို စီးဝင်တဲ့ချောင်းများကနေ နုန်းမြေများ အနည်ကျပြီး ကန်ကြီးတိမ်ကောလာရပါတယ်။ ဒါကြောင့် အင်းလေးကန် ရေရှည်တည်တံ့စေဖို့ သစ်တောဦးစီးဌာနအနေနဲ့ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး ဘက်စုံစီမံကိန်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။

 

  • မေး-၁၆။ အဲဒီစီမံကိန်းမှာဆောင်ရွက်တဲ့လုပ်ငန်းများကို သိလိုပါတယ်
  • ဖြေ-၁၆။ သစ်တောဦးစီးဌာနအနေနဲ့ အဓိကဆောင်ရွက်နေတဲ့လုပ်ငန်းကြီးများကတော့ အင်းလေးကန် ရေဝေရေလဲဒေသအတွင်းရှိ သဘာဝတောကျန်များထိန်းသိမ်းခြင်း၊ သစ်ပင်များပြန်လည် စိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှုထိန်းသိမ်းကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းတို့ပဲဖြစ်ပါတယ်။ အဓိကနဲ့အရေးကြီးလုပ်ငန်း ကတော့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်း အောင်မြင်ဖို့အတွက် သမဝါယမဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်သူများအား အသေးစားချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် ရေတိုကာလလေး အတွင်းမှာပဲ တိုးတက်မှုများကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 

  • မေး-၁၇။ အင်းလေးကန် ရေဝေရေလဲဒေသအား စီမံအုပ်ချုပ်ရာမှာ အဓိကကျတဲ့အချက်များကို ရှင်းပြပေးပါ။
  • ဖြေ-၁၇။ အင်းလေးကန်ရေဝေရေလဲဒေသကို စီမံအုပ်ချုပ်တဲ့နေရာမှာ အဓိကအရေးကြီးတဲ့ အချက် (၂)ချက် ရှိပါတယ်။ ပထမအချက်ကတော့ ဇုံနယ်နိမိတ်များ ပိုင်းခြား သတ်မှတ်ခြင်းဖြစ်ပြီး ဒုတိယအချက်ကတော့ အင်းလေးကန်ဒေသမှာရှိတဲ့ အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များ အားလုံးပါဝင်တဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ် တစ်ခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဇုံနယ်နိမိတ်များ ပိုင်းခြားသတ်မှတ်ရတဲ့ရည်ရွယ်ချက်ကတော့ အင်းလေးကန် ရေဝေရေလဲဒေသအတွင်းရှိ မတူကွဲပြားတဲ့ မြေမျက်နှာသွင်ပြင် အနေအထားများနှင့် လိုက်လျောညီထွေဖြစ်စေမဲ့လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ- ရေဦးရေဖျားဇုံများတွင် သဘာဝ တောကျန်များ ထိန်းသိမ်းခြင်း၊ ကွက်လပ်ဖြည့်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ ကြားခံဇုံများတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာသုံးထင်း စိုက်ခင်းများ တည်ထောင်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံချက်များရေးဆွဲတဲ့နေရာမှာ ဒေသအတွင်းမှာ နေထိုင်ကြသူတွေရဲ့ ရိုးရာဓလေ့စရိုက်နဲ့ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်း များအပေါ် မူတည်ပြီး ထည့်သွင်း စဉ်းစားခြင်းများလည်း ရှိပါတယ်။

 

  • မေး-၁၈။ သစ်တောဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ဝန်းကျင်မှာ ဆောင်ရွက်နေတဲ့ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို ပြောပြပေးပါ။
  • ဖြေ-၁၈။ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ နေပြည်တော်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူများ၊ ဝန်ထမ်းများအတွက် အဓိကရေပေးဝေနေတဲ့ ချောင်းမကြီးဆည်၊ ရေဆင်းဆည်၊ ရန်အောင်မြင်ဆည်နှင့် ငလိုက်ဆည်များရဲ့ ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်နေပါတယ်။  အဓိကကတော့ သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာရေးနဲ့ ဆည်အတွင်း နုန်းပို့ချမှုလျော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ၂၀၀၁-၂၀၀၂ ခုနှစ်မှ ယနေ့အချိန်ထိ ရေဝေရေလဲ စိုက်ခင်း (၃၂၀၀) ဧကနဲ့ သဘာဝတော ထိန်းသိမ်းခြင်း (၃၃၉၈၃) ဧက ဆောင်ရွက်ပြီးဖြစ်ပါတယ်။

 

  • မေး-၁၉။ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ရှင်းပြစေချင်ပါတယ်။
  • ‌ဖြေ-၁၉။ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းမပြောခင် မြေဆီလွှာ တိုက်စားခြင်းအကြောင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ မြေဆီလွှာတိုက်စားရတဲ့ အဓိက အကြောင်းရင်း (၂)ခုရှိပါတယ်။ ရေကြောင့် မြေဆီလွှာ တိုက်စားခြင်းနဲ့ လေကြောင့် မြေဆီလွှာ တိုက်စားခြင်း တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အများစု ကြုံတွေ့နေရတဲ့ မြေဆီလွှာ တိုက်စားခြင်းကတော့ ရေကြောင့်ဖြစ်ပါတယ်။ ရေကြောင့် မြေဆီလွှာ တိုက်စားတဲ့ဖြစ်စဉ်ကို ပြောပြရမည်ဆိုလျှင် ပထမဦးဆုံး မိုးရေစက်များ မြေဆီလွှာပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး သေးငယ်သော မြေစိုင်မြေခဲငယ်ကလေးများ လွင့်စင်ဖြာထွက်ခြင်း၊ မိုးရေစီးဆင်းမှုနှင့်အတူ အဆိုပါ မြေစိုင်မြေခဲ ကလေးများကို သယ်ဆောင်သွားခြင်း၊ ထိုကဲ့သို့သယ်ဆောင်သွားရာတွင် အောက်ခံမြေလွှာအား ပွတ်တိုက်စားခြင်းနှင့် ရေစီးနှုန်းကျဆင်းမှုနှင့်အတူ ၄င်းမြေစိုင်မြေခဲ ကလေးများ ချောင်း၊ မြောင်းနဲ့ မြစ်များအတွင်း  အနည်ကျစေခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ ဒီဖြစ်စဉ်ကို အခြေခံစဉ်းစားပြီး ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ မြေဆီလွှာတိုက်စားခြင်းဟာ တောင်ကုန်းတောင်တန်းမှာရှိတဲ့ ရေဝေရေလဲဒေသများမှာ အလွန်ဆိုးဝါးစွာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဟာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတဲ့ သဘာဝအရ မြေမျက်နှာသွင်ပြင် မတ်စောက်တဲ့နေရာများမှာ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းတဲ့အတွက်ကြောင့် တိုက်စား သယ်ဆောင်ခြင်း ဖြစ်စဉ်ကို ပိုမိုအားပေးရာ ရောက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြေဆီလွှာ ထိန်းသိမ်းရေးလုပ်ငန်း (၂)မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ဆောက်လုပ်ရေး အင်ဂျင်နီယာနည်းနဲ့ ထိန်းသိမ်းခြင်းနှင့်  ဇီဝအင်ဂျင်နီယာနည်းနဲ့ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာနည်းကတော့ ရေလွှဲမြောင်းပြုလုပ်ခြင်း၊ ရေစိမ့်မြောင်း ပြုလုပ်ခြင်း၊ ကွန်တိုကန်သင်းကန့်ပြုလုပ်ခြင်း၊ နုန်းထိန်းတမံငယ်များတည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။ ဒီနည်းနဲ့ မြေဆီလွှာတိုက်စားမှုကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်ပေမဲ့ ကုန်ကျစရိတ် အလွန်များပါတယ်။ နောက်တနည်းဖြစ်တဲ့ ဇီဝအင်ဂျင်နီယာနည်းကတော့ သက်ရှိ သစ်ပင်များရဲ့ ရှင်နိုင်မဲ့သစ်ကိုင်းသစ်ခက်နဲ့ သစ်ပင်များစိုက်ပျိုးပြီး မြေဆီလွှာ ထိန်းသိမ်းကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကုန်းစောင်းနဲ့ ရေစီးဆင်းရာ လမ်းတစ်လျှောက်မှာ ငုတ်တက်ထွက်လွယ်တဲ့ သစ်ကိုင်းစည်းများ မြုပ်ပေးခြင်း၊ ဝါးပင်များ စိုက်ပျိုး ပေးခြင်းတို့ ဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး တောင်သူများ အလွယ်တကူ လုပ်ကိုင်နိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်း(၂)ခုစလုံးဟာ မြေဆီလွှာ တိုက်စားခြင်းဖြစ်စဉ်တွင် တိုက်စားသယ်ဆောင်ခြင်းအဆင့်မှ စတင်၍ ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ အကောင်းဆုံးနည်းကတော့ အပေါ်ယံမြေဆီလွှာကို မိုးရေစက်တို့ တိုက်ရိုက်မကျရောက်နိုင်အောင် သစ်တောသစ်ပင်များ ဖုံးလွှမ်းနိုင်ရေး စီမံအုပ်ချုပ်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မေး - ၁။        သစ်တောကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တောများတွင် မည်သို့သောတားမြစ်ချက်များ ရှိပါသလဲ။

ဖြေ - ၁။        ကြိုးဝိုင်းတောအတွင်းရှိမည်သည့် သစ်ပင်ကိုမဆို ခုတ်လှဲခြင်း၊ ပိုင်းဖြတ် ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီး (သို့မဟုတ်) အခြားနည်းဖြင့် ပျက်စီးခြင်းတို့ကို ဥပဒေအရ တားမြစ်ပါ သည်။

၎င်းအပြင် အောက်ပါအချက်ကိုလည်း တားမြစ်ထားပါသည်။

                   (က)    ကြိုးဝိုင်းတောအတွင်းကျူးကျော်ဝင်ရောက်နေထိုင်ခြင်း။

                   (ခ)     ကြိုးဝိုင်းတောအတွင်း အိမ်မွေးတိရစ္ဆာန်များ စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော်ဝင်ရောက်စေခြင်း။

                   (ဂ)     ကြိုးဝိုင်းတောအတွင်းခွင့်ပြုမိန့်မရှိဘဲ မြေကို ခုတ်ထွင်းခြင်း၊ ရှင်းလင်း ခြင်း၊ တူးဆွခြင်း(သို့မဟုတ်) မူလအနေအထားကို ယိုယွင်းစေခြင်း။

                   (ဃ)    ကြိုးဝိုင်းတောအတွင်း ရေစီးရေလာ ပျက်စီးစေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓါတုဗေဒပစ္စည်း(သို့မဟုတ်) ပေါက်ကွဲစေတတ်သော အရာများအသုံးပြုခြင်း။

                   (င)     ကြိုးဝိုင်းတောအတွင်း တိရစ္ဆာန်များဖမ်းဆီးခြင်း၊ အမဲလိုက်ပစ်ခတ် ခြင်း ( သို့မဟုတ်) ငါးဖမ်းခြင်း။

                   (စ)     ကြိုးဝိုင်းတောအတွင်း သစ်တောများမီးကူးစက်ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးဖိုခြင်း၊ မီးသယ်ယူခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန်များ ထားရှိခြင်း။

  • မေး-၁။ သဘာဝနယ်မြေဆိုသည်မှာ ဘာကို ခေါ်ပါသလဲ။
  • ဖြေ-၁။ သဘာဝနယ်မြေဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သက်ရှိသက်မဲ့ ဖွဲ့စည်းမှုများ သို့မဟုတ် ထင်ရှားသော ပထဝီအနေအထားများ တည်ရှိသည့် ဒေသများကို အရှည်တည်တံ့ရေးအတွက် ကာကွယ်ထိန်းသိမ်းရန်အလို့ငှာ ၁၉၉၄ ခုနှစ် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ” အရ သတ်မှတ် သည့်နယ်မြေကို ဆိုသည်။

 

  • မေး-၂။ CITES ဆိုသည်မှာ ဘာကို ဆိုလိုပါသလဲ။
  • ဖြေ-၂။ CITES ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခု၏ အမည်ကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (Convention on International Trade of Endangered Species of Wild Fauna and Flora - CITES) ဖြစ်ပါသည်။ ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ ရှားပါး၍ မျိုးဆက်ပျက်သုဉ်းတော့မည့် အန္တရာယ် ကျရောက်နေသော တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန် နှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင် အလွန်အကျွံ ရောင်းဝယ်နေမှုကို နိုင်ငံတကာ ပြဿနာတစ်ရပ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းထိန်းချုပ် ကာကွယ်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် CITES ကွန်ဗင်းရှင်းသို့ ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ CITES တာဝန်ခံအဖွဲ့ (CITES Authority)မှာ သစ်တောဦးစီးဌာန ဖြစ်ပါသည်။

 

  • မေး-၃။ CITES Export/ Import Permit ဆိုသည်မှာ ဘာကို ဆိုလိုပါသလဲ။
  • ဖြေ-၃။ CITES အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ၏ သဘာဝ၌ ရှားပါးလာမှုအနေအထားပေါ်အခြေခံ၍ ယင်းတို့အား ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်းကို ထိန်းချုပ်နိုင်ရန် အဆင့်အတန်း သတ်မှတ်ချက် (CITES Appendix) (၃)ဆင့် ခွဲထားပါသည်။ အဆိုပါ CITES Appendix စာရင်းဝင် မျိုးစိတ်များအား နိုင်ငံတကာ စီးပွားဖြစ် ကူးသန်း ရောင်းဝယ်မှု သို့မဟုတ် သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်မှုတို့အတွက် တင်ပို့/ တင်သွင်းခြင်း ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ CITES Authority မှ ထုတ်ပေးရသည့် CITES Export/ Import Permit ကို ဆိုလိုပါသည်။

 

  • မေး-၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား မည်သည့်ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသလဲ။
  • ဖြေ-၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား ၁၉၉၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

 

  • မေး-၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောစိုက်ခင်း မည်မျှတည်ထောင်ခဲ့ပါသနည်း။
  • ဖြေ-၅။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် အထိ စုစုပေါင်းစိုက်ခင်း (၃၅၁,၉၃၃.၉၂)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာသုံးစိုက်ခင်းမည်မျှတည်ထောင်ခဲ့ပါသနည်း။
  • ဖြေ-၆။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အထိ စုစုပေါင်းကျေးရွာသုံးစိုက်ခင်း (၁၇၀,၄၄၈.၁၇)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၇။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေဝေရေလဲစိုက်ခင်းမည်မျှတည်ထောင်ခဲ့ပါသနည်း။
  • ဖြေ-၇။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် အထိ စုစုပေါင်းရေဝေရေလဲစိုက်ခင်း (၁၁၁,၆၀၂.၀၀)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၈။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တောင်တန်းစိုက်ခင်း မည်မျှတည်ထောင်ခဲ့ပါ သနည်း။         
  • ဖြေ-၈။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အထိ စုစုပေါင်းတောင်တန်းစိုက်ခင်း (၂၆,၇၂၃.၀၀)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၉။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သုတေသနစိုက်ခင်း မည်မျှတည်ထောင်ခဲ့ပါသနည်း။
  • ဖြေ-၉။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၁၉၉၇- ၉၈ ခုနှစ်မှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်အထိ စုစုပေါင်းသုတေသနစိုက်ခင်း (၄၀၅.၇၅)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၁၀။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်တွင်သစ်တောစိုက်ခင်း မည်မျှတည်ထောင်ခဲ့ပါသနည်း။
  • ဖြေ-၁၀။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်တွင် စိုက်ခင်းစုစုပေါင်း (၇,၄၀၀)ဧက တည်ထောင်ခဲ့ပါသည်။

 

  • မေး-၁၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် သစ်တောစိုက် ခင်း မည်မျှတည်ထောင်မည်နည်း။
  • ဖြေ-၁၁။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် စိုက်ခင်းစုစုပေါင်း (၇,၀၀၀)ဧက တည်ထောင်မည်ဖြစ်ပါသည်။

 

  • မေး-၁၂။ ကျေးရွာသုံးစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်သစ်မျိုးများဖြင့် တည်ထောင်ပါသနည်း။
  • ဖြေ-၁၂။ ကျေးရွာသုံးစိုက်ခင်းများကို ယူကလစ်၊ ရှား၊ ကန္တာစိမ်း၊ မြန်မာကုက္ကို၊ မယ်ဇလီ၊ ဒဟတ်၊ ယင်းမာ စသည့် သစ်မျိုးများဖြင့် တည်ထောင် ပါသည်။

 

  • မေး-၁၃။ ရေဝေရေလဲစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်သစ်မျိုးများဖြင့် တည်ထောင်ပါသနည်း။
  • ဖြေ-၁၃။ ရေဝေရေလဲစိုက်ခင်းများကို ယူကလစ်၊ ရှား၊ ကန္တာစိမ်း၊ မြန်မာကုက္ကို၊ မယ်ဇလီ၊ ယင်းမာ၊ မန်ကျည်း၊ တမာ၊ ထနောင်း၊ ဖျောက်ဆိတ် စသည့် သစ်မျိုးများဖြင့် တည်ထောင်ပါသည်။

 

  • မေး-၁၄။ တောင်တန်းစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်သစ်မျိုးများဖြင့် တည်ထောင်ပါသနည်း။
  • ဖြေ-၁၄။ တောင်တန်းစိုက်ခင်းများကို ယူကလစ်၊ ရှား၊ ကန္တာစိမ်း၊ မြန်မာကုက္ကို၊ မယ်ဇလီ၊ ဒဟတ်၊ ယင်းမာ၊ မန်ကျည်း၊ တမာ၊ ထနောင်း၊ ဖျောက်ဆိတ် စသည့် သစ်မျိုးများဖြင့် တည် ထောင်ပါသည်။

 

  • မေး-၁၅။ အခြားစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်သစ်မျိုးများဖြင့် တည်ထောင်ပါသနည်း။
  • ဖြေ-၁၅။ အခြားစိုက်ခင်းများကို ယူကလစ်၊ ရှား၊ ကဗွီး၊ ကုလားကုက္ကို၊ မြန်မာကုက္ကို၊ မန်ကျည်း၊ ဆူးဖြူ၊ မယ်ဇလီ၊ ငုစပ်၊ ပေါက်ပန်းဖြူ၊ သပြေ၊ ယင်းမာ၊ မန်ကျည်း၊ တမာ၊ ထနောင်း၊ ဖျောက်ဆိတ် စသည့်သစ်မျိုးများဖြင့် တည်ထောင်ပါသည်။

 

  • မေး-၁၆။ ​ကျေးရွာသုံးသစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်ပန္နက်အကွာအဝေးဖြင့် တည်ထောင်သနည်း။
  • ဖြေ-၁၆။ ကျေးရွာသုံးသစ်တောစိုက်ခင်းများကို(၁၂ပေ×၁၂ပေ)ပန္နက်အကွာဝေးဖြင့် တည်ထောင်ပါသည်။

 

  • မေး-၁၇။ ​ကျေးရွာသုံးသစ်တောစိုက်ခင်းများတည်ထောင်ရာတွင် မည်သည့်ကျင်းအရွယ်အစားတူး၍ စိုက်ပျိုးသနည်း။
  • ဖြေ-၁၇။ ​ကျေးရွာသုံးသစ်တောစိုက်ခင်းများကို

တောင်ပေါ်၌

၁။ (၆ ပေ× ၁½ပေ ×၁ ပေ) {(၁ ပေ× ၁ ပေ ×၁ ပေ(ချက်ကျင်း)}

၂။ (၄ ပေ× ၁ ½ပေ× ၁ ½ပေ) ၊ {(၁ ပေ× ၁ ပေ ×၁ ပေ (ချက်ကျင်း)}

မြေပြန့်၌

၁။ (၃ ပေ×၃ ပေ ×၁ ပေ) {(၁ပေ×၁ ပေ ×၁ ပေ(ချက်ကျင်း)} စသည့် ကျင်းအရွယ်အစားဖြင့် တည်ထောင်ပါသည်။

 

  • မေး-၁၈။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာနမှ နှစ်စဉ်ကျေးရွာများတွင် တစ်ရွာတစ်ဧက စိုက်ခင်းများ တည်ထောင်ပေးခြင်း၏ ရည်ရွယ်ချက်များကို သိရှိပါရစေ။
     
  • ဖြေ-၁၈။ ကျေးရွာတွင် အများနှင့်ဆိုင်သည့် လုပ်ငန်းရပ်များဖြစ်သော တံတားဆောက်ခြင်း၊ ရွာစည်းရိုးကာရံခြင်း၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ သာမန်အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုရန်ဖြစ်ပါသည်။ ထိုသို့ သုံးစွဲနိုင်ခြင်းဖြင့် သဘာဝတောများမှ တရားမဝင် သစ်ခိုးမှုများ လျော့နည်းသွားစေရေးနှင့် ကျေးရွာမှ သစ်တောများအပေါ် မှီခိုအားထားမှု နည်းပါးလာစေပြီး သစ်တော အဆင့်အတန်း တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

  • မေး-၁၉။ သစ်တောဦးစီးဌာနမှကျေးရွာများတွင် တစ်အိမ်ထောင် သစ်မာ(၂၀)ပင်အား မည်သည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် စိုက်ပျိုး ရပါသနည်း။

  • ဖြေ-၁၉။ ကျေးရွာအိမ်ထောင်စု တစ်ခုစီတွင် မိမိပုဂ္ဂလိကပိုင် သစ်များရရှိ လျှင် လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ၊ နေအိမ် အဆောက်အဦး နှင့် အိမ်ခြံစည်းရိုးများကို ကိုယ်ပိုင်သုံးစွဲနိုင်ပြီး သဘာဝတောများ အပေါ် သက်ရောက်နေသော ဖိအားများကို လျှော့ကျစေရန် ဖြစ် ပါသည်။

  • မေး-၂၀။ သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် နှစ်စဉ်နိုင်ငံပိုင် စိုက်ခင်းများကို အဘယ်ကြောင့် တည်ထောင်စိုက်ပျိုးရခြင်းကို ရှင်းလင်း ပြောကြားပေးပါ။

  • အဖြေ-၂၀။

(က) တန်ဖိုးရှိ အဖိုးတန်သစ်မျိုးများ ပါဝင်ပေါက်ရောက်မှု ရာခိုင်နှုန်းတိုးပွားလာစေရေးနှင့် သဘာဝတောများရဲ့တန်ဖိုးရှိ သစ်မျိုးများ မျိုးဆက်မှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးပါသည်။ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ထင်းရှူးစသည့် စီးပွားရေး စိုက်ခင်းများကို သက်ပတ်ပြည့်၍ ခုတ်လှဲထုတ်လုပ် ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်းပြည်ပဝင်ငွေ ရရှိလာစေရေး စိုက်ပျိုးရခြင်းဖြစ်ပါသည်။

(ခ) ရေလှောင်ကန်ကြီးများ၊ ဆည်တမံကြီးများနှင့် အရေးကြီးသော မြစ်ချောင်းများ၏ ရေဝေ ဧရိယာများတွင် ရေသယံဇာတ အရင်းအမြစ် စဉ်ဆက်မပြတ် ရရှိရေးအတွက် မြေဆီလွှာနှင့် ရေတိုက်စားမှု မရှိစေရန် ရေဝေရေလဲစိုက်ခင်းများကို စိုက်ပျိုးရခြင်းဖြစ်ပါသည်။ ရေဝေဒေသသို့ တောတောင်များ ကောင်း မွန်မှသာလျှင် မြစ်ချောင်းများ ၊ ဆည်တမံများတွင် လိုအပ်သော ရေအရင်းအမြစ်ကို ပုံမှန်ရရှိနိုင်မည် ဖြစ်ပါသည်။

(ဂ) စက်မှုကုန်ကြမ်းစိုက်ခင်းများကို နိုင်ငံတော်စီမံကိန်း စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ ဖြည့်ဆည်းပေးရန် ရည်ရွယ်စိုက်ပျိုးထားခြင်း ဖြစ်ပါသည်။

(ဃ) ကျေးရွာသုံးထင်းစိုက်ခင်းများအား တည်ထောင်ပြီးနောက် (၅)နှစ်ပြည့်လျှင် နီးစပ်ရာကျေးရွာများသို့ လွှဲပြောင်းသုံး စွဲစေခြင်းဖြင့် ဒေသခံပြည်သူများ သစ်အခြေခံ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါသည်။

  • မေး-၂၁။ သစ်တောမှုများလျော့နည်းလာစေရန်အတွက် ပြည်သူလူထုသို့မည်သို့ စည်းရုံးပညာပေး ဆောင်ရွက်ပါသနည်း။

  • ဖြေ-၂၁။ မြို့နယ်များတွင် “သစ်နှင့် သစ်တောထွက်ပစ္စည်းများအား တရားမဝင် ခိုးထုတ်/ သယ်ဆောင်/​ ရောင်းဝယ်မှုများကို တွေ့မြင်သိရှိပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ သတင်းပေး တိုင်ကြားနိုင်ပါသည်” ဆိုင်းဘုတ်များ စိုက်ထူပြီး ပြည်သူလူထုမှ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများအား သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ သစ်တောသစ်ပင်များကို ချစ်မြတ်နိုး၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ဆိုင်သော ဆောင်ပုဒ်၊ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ သစ်တောပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ခြင်းများဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲများကိုလည်း မြို့နယ်များတွင် လစဉ် ပုံမှန်ဟောပြော ဆောင်ရွက်လျက် ရှိပါသည်။

  • မေး-၂၂။ သစ်တောကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တော များတွင်မည်သို့သော တားမြစ်ချက်များ ရှိပါသလဲ။

  • ဖြေ-၂၂။ ကြိုးဝိုင်းတောအတွင်းရှိ မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊ ချိုးဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ မီး (သို့မဟုတ်) အခြားနည်းဖြင့် ပျက်စီးခြင်းတို့ကို ဥပဒေအရ တားမြစ်ပါသည်။

    ၎င်းအပြင် အောက်ပါအချက်ကိုလည်း တားမြစ်ထားပါသည်-

    (က) ကြိုးဝိုင်းတောအတွင်းကျူးကျော်ဝင်ရောက်နေထိုင်ခြင်း။

    (ခ) ကြိုးဝိုင်းတောအတွင်း အိမ်မွေးတိရစ္ဆာန်များ စားကျက်ချခြင်း (သို့မဟုတ်) ကျူးကျော်ဝင်ရောက်စေခြင်း။

    (ဂ) ကြိုးဝိုင်းတောအတွင်းခွင့်ပြုမိန့်မရှိဘဲ မြေကို ခုတ်ထွင်းခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း(သို့မဟုတ်) မူလအနေအထားကို ယိုယွင်းစေခြင်း။

    (ဃ) ကြိုးဝိုင်းတောအတွင်း ရေစီးရေလာ ပျက်စီးစေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ ဓါတုဗေဒပစ္စည်း(သို့မဟုတ်) ပေါက်ကွဲစေတတ်သော အရာများအသုံးပြုခြင်း။

    (င) ကြိုးဝိုင်းတောအတွင်း တိရစ္ဆာန်များဖမ်းဆီးခြင်း၊ အမဲလိုက်ပစ်ခတ်ခြင်း ( သို့မဟုတ်) ငါးဖမ်းခြင်း။

    (စ) ကြိုးဝိုင်းတောအတွင်း သစ်တောများ မီးကူးစက်ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးဖိုခြင်း၊ မီးသယ်ယူခြင်း (သို့မဟုတ်) မီးကြွင်းမီးကျန်များ ထားရှိခြင်း။

 

  • မေး-၂၃။ မြန်မာ့သစ်လုပ်ငန်းရှိ ပင်စင်စားအရေးအတွက်နှင့် ပင်စင်အတွက် အသုံးစရိတ် အခြေအနေကို သိလိုပါသည်။
  • ဖြေ-၂၃။ မြန်မာ့သစ်လုပ်ငန်းရှိ ပင်စင်စားအရေအတွက်မှာ (၁၇၈၁၃)ဦး ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ် တစ်နှစ်လုံးအတွက် ပင်စင်အသုံးစရိတ် ကျပ် ၅၅၁၃.၅၄ သန်း ကုန်ကျခဲ့ပါသည်။

 

  • မေး-၂၄။ မြန်မာ့သစ်လုပ်ငန်းတစ်ခုလုံး၏ ပုံသေပိုင်ပစ္စည်းတန်ဖိုး စုစုပေါင်း မည်မျှရှိသလဲ။
  • ဖြေ-၂၄။  မြန်မာ့သစ်လုပ်ငန်းတစ်ခုလုံး၏ ပုံသေပိုင်ပစ္စည်းတန်ဖိုး စုစုပေါင်း Book Value အရ ကျပ် ၇၄၃၀.၆၀ သန်းရှိပါသည်။

 

  • မေး-၂၅။  ပြည်ပတင်ပို့မှုအတွက် မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက် လျှက်ရှိသော ကျွန်းစက်များအား သိရှိလိုပါသည်။
  • ဖြေ-၂၅။  ပူးပေါင်းကုန်ထုတ်လုပ်ငန်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သစ်စက် (၆)စက် ရှိပါသည်။

(က) အမည်                      -    အမှတ် (၂/ ၃/ ၄/ ၆/ ၈/ ၁၀) သစ် စက်များ

(ခ) ထုတ်လုပ်မှုအစီအစဉ်    -    ယင်းသစ်စက်များသည် ပြည်တွင်း ပြည်ပကုမ္ပဏီများဖြင့် ပူးပေါင်း ထုတ် လုပ်သည့် စနစ် Joint Production Scheme ဖြင့် ဆောင်ရွက်လျက် ရှိပါ သည်

(ဂ) ကုမ္ပဏီအမည်များ       -

စဉ်

သစ်စက်

ပူးပေါင်းကုမ္ပဏီ

၁။

အမှတ်(၂)သစ်စက်

TKK International Ltd ပြည်တွင်း ကုမ္ပဏီ

၂။

အမှတ်(၃)သစ်စက်

Lin Win Co., Ltd ပြည်တွင်းကုမ္ပဏီ

၃။

အမှတ်(၄)သစ်စက်

TPS Wooden Industries Sdn Bhd ပြည်ပကုမ္ပဏီ (မလေးရှားနိုင်ငံ)

၄။

အမှတ်(၆)သစ်စက်

Nelson Enterprise Co., ပြည်ပ ကုမ္ပဏီ (ဟောင်ကောင်)

၅။

အမှတ်(၈)သစ်စက်

Thai Sawat Import Export Co., Ltd ပြည်ပကုမ္ပဏီ (ထိုင်းနိုင်ငံ)

၆။

အမှတ်(၁၀)သစ်စက်

Pacific Timber Enterprise Co., Ltd ပြည်တွင်းကုမ္ပဏီ

 

  • မေး-၂၅။  ပြည်ပတင်ပို့ရန် မည်သည့်သစ်ခွဲသားများ ဝယ်ယူရရှိနိုင်ပါသနည်း။
  • ဖြေ-၂၅။  ထုတ်လုပ်ရောင်းချလျက်ရှိသည့် သစ်ခွဲသား အမျိုးအစားများ-

(က) ဒုသစ်၊ တိုင်သစ်

(ခ) ရှဉ့်ကြီး၊ ရှဉ့်ငယ်၊ ရှဉ့်ပျဉ်၊ သင်္ဘောခင်းပျဉ် (အထူးတန်းများ)

(ဂ)  ပထမတန်း၊  ဒုတိယတန်း၊ တတိယတန်း၊ သစ်ခွဲသားများ ဖြစ်ပါသည်။

 

  • မေး-၂၆။  ကျွန်းသစ်လုံး အတန်းအစားများအကြောင်း သိလိုပါသည်။
  • ဖြေ-၂၆။  ကျွန်း/သစ်မာသစ်လုံးများအား အတန်းအစား ခွဲခြားသတ်မှတ်ရာတွင် သစ်လုံးတွင် တွေ့ရှိရသော အပြစ်အနာများအပေါ် မူတည်၍ သစ်အတန်း အစား ခွဲခြားသည့် မြန်မာ့သစ်လုပ်ငန်း၏ ကျွန်းသစ်အတန်းအစား ခွဲခြား နည်း (Grading Rule for Teak Log) အရ သစ်လုံးများအား အတန်း အစားများ ခွဲခြားသတ်မှတ်၍ ရောင်းချလျက်ရှိပါသည်။ ကျွန်းသစ်လုံး များကို အတန်းအစား ခွဲခြားသတ်မှတ်ရာတွင် သစ်ပါးလွှာအတန်းအစား နှင့် စက်ခွဲအတန်းအစားဟူ၍ အောက်ပါအတိုင်း (၂)မျိုး ခွဲခြားသတ်မှတ် ရောင်းချပါသည်-

(က)  သစ်ပါးလွှာအတန်းအစား (Veneer Qualtiy)

(၁)   အထူးတန်း (ကြယ်ငါးပွင့်) (AY/SPECIAL)(Admiral Yield)  

(၂)   ပထမတန်း (ကြယ်လေးပွင့်) (First Quality)

(၃)   ဒုတိယတန်း (ကြယ်သုံးပွင့်) (Second Quality)

(၄)   တတိယတန်း (ကြယ်နှစ်ပွင့်) (Third Quality)

(၅)   စတုတ္ထတန်း (ကြယ်တစ်ပွင့်)  (Fourth Quality)

(ခ)   စက်ခွဲအတန်းအစားများ (Sawing Qualtiy)

(၁)   စက်ခွဲအတန်းအစား (၁)       Sawing Grade (1) 

(၂)   စက်ခွဲအတန်းအစား (၂)        Sawing Grade (2) 

(၃)   စက်ခွဲအတန်းအစား (၃)       Sawing Grade (3) 

(၄)   စက်ခွဲအတန်းအစား (၄)       Sawing Grade (4) 

(၅)   စက်ခွဲအတန်းအစား (၅)       Sawing Grade (5)

(၆)   စက်ခွဲအတန်းအစား (၆)       Sawing Grade (6)

(၇)   စက်ခွဲအတန်းအစား (၇)       Sawing Grade (7)

(၈)   စက်ခွဲအတန်းအစား (၈)       Sawing Grade (8)

(၉)   စက်ခွဲအတန်းအစား (၉)       Sawing Grade (9)

(၁၀) သစ်လုံးတို                         Short Log

(၁၁) ဆုံပိုင်းတို                          Log Ends

(၁၂) ပင်ကြပ်တိုင်                       Thinning Post

(၁၃) ပင်ကြပ်မျော                      Thinning Pole

(၁၄) ကိုင်းဖျား၊ ကိုင်းနား             Top & Lops

 

  • မေး-၂၇။  ထုတ်လုပ်သည့်ဒေသအလိုက် ကျွန်းသစ်လုံးအတန်းအစားများ သိလိုပါ သည်။
  • ဖြေ-၂၇။  ကျွန်း/သစ်မာသစ်လုံးများအား အတန်းအစား ခွဲခြားသတ်မှတ်ရာတွင် ကျွန်းသစ်၏ သဘာဝသည် ရေ၊ မြေ၊ ရာသီဥတုအလိုက် အသားထွက် နှုန်းနှင့် မာကြောလှပမှု မတူကွဲပြားခြင်းတို့ကြောင့် သစ်၏အရည်အသွေး ပြောင်းလဲသဖြင့် ကျွန်းသစ်ထုတ်လုပ်ထွက်ရှိသည့် ဒေသအလိုက် ကျွန်း သစ်လုံး အတန်းအစားများလည်း အောက်ပါအတိုင်း ခွဲသားသတ်မှတ် ရောင်းချပါသည်-

 

ဇယားကျန်

 

  • မေး-၂၉။  သစ်မာသစ်လုံး အတန်းအစားများ အတန်းအစားများအကြောင်း သိလို ပါသည်။
  • ဖြေ-၂၉။  သစ်မာသစ်လုံးများအနက် ပိတောက်သစ်လုံးမှအပ ကျန်သစ်မာအမျိုး အစားများကို ပြည်ပရောင်းတန်းဝင်အတန်းအစား Export Quality (EQ) နှင့် အရည်အသွေးနိမ့်အတန်းအစား export Rejection (ER) ဟူ၍ သစ်အတန်းအစား ခွဲခြားသတ်မှတ် ဆောင်ရွက်ပါသည်။ ပိတောက် သစ်လုံးများကို အောက်ပါအတိုင်း သစ်လုံးအတန်းအစား ခွဲခြားသတ်မှတ် ရောင်းချလျက်ရှိပါသည်-

(က)    ပထမတန်းစား                        (First Quality)

(ခ)    ဒုတိယတန်းစား                      (Second Quality)

(ဂ)    တတိယတန်းစား                     (Third Quality)

(ဃ)    စတုတ္ထတန်းစား                      (Fourth Quality)

(င)    ရောနှောအတန်းအစား              (Assorted Quality)

(စ)    အရည်အသွေးနိမ့်အတန်းအစား   (Export Rejection)

  • မေး-၃၀။  ကျွန်း/သစ်မာ သစ်လုံးများသိုလှောင်ထားရှိသည့် သစ်ဆိပ်နေရာများကို သိလိုပါသည်။
  • ဖြေ-၃၀။  ပြည်တွင်းပြည်ပသစ်ဈေးကွက်များသို့ တင်ပို့ရောင်းချမည့် ကျွန်းနှင့် သစ် မာသစ်လုံးများအား သိုလှောင်ထိန်းသိမ်းခြင်း၊ အတန်းအစားခွဲခြား၍ လပ်ပုံများပြုစုခြင်း စသည့် လုပ်ငန်းများကို စီမံကွပ်ကဲဆောင်ရွက်နေ သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် သစ်ဆိပ်များ၏ တည်နေ ရာ၊ အကျယ်အဝန်း နှင့် သစ်သိုလှောင်နိုင်သည့် တန်ပမာဏတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်

သစ်ဆိပ်အမည်

တည်နေရာ

ဧရိယာ

တန်ပမာဏ

မှတ်ချက်

(က)

သန်လျင်-ငပ

သန်လျင်မြို့နယ်

၄.၅ ဧက

၅၀၀၀

ကျွန်း

(ခ)

ဝါးတရာ (ပင်မ)

ရွှေပြည်သာမြို့နယ်

၁၅ ဧက

၁၅၀၀၀

ကျွန်း

(ဂ)

တောင်ဒဂုံ

ဒဂုံမြို့သစ်(တောင်ပိုင်း)

၃၀ ဧက

၃၅၀၀၀

ကျွန်း

(ဃ)

စက်ဆန်း

မင်္ဂလာတောင်ညွန့်

၄.၈ ဧက

၅၀၀၀

ကျွန်း

(င)

အုတ်ကျင်း

လှိုင်မြို့နယ်

၃ ဧက

၃၀၀၀

ကျွန်း

(စ)

တောင်ဒဂုံ(က)

ဒဂုံမြို့သစ်(တောင်ပိုင်း)

၁၀၀ ဧက

၁၀၀၀၀၀

ကျွန်း

(ဆ)

တောင်ဒဂုံ (ခ)

ဒဂုံမြို့သစ် (တောင်ပိုင်း)

၇၀ ဧက

၇၀၀၀၀

သစ်မာ

(ဇ)

ကြို့ကုန်း(ပင်မ)

အင်းစိန်မြို့နယ်

၁၃ ဧက

၁၆၀၀၀

သစ်မာ